မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီအစည်းအဝေးတွင် ဘတ်ဂျက်အနုတ်လက္ခဏာပြနေမှုကို ထည့်သွင်းဆွေးနွေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီအစည်းအဝေးတွင် ဘတ်ဂျက်အနုတ်လက္ခဏာပြနေမှုကို ထည့်သွင်းဆွေးနွေး
Photos : MFF
Photos : MFF
Published 9 June 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီ၏ ၂၀၂၀ အတွက် ပထမဆုံးအကြိမ်အစည်းအဝေးကို ဇွန်လ(၈)ရက်နေ့ မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘတ်ဂျက်အနုတ်လက္ခဏာပြနေမှုကို ကျော်လွှားနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးသန့်ဇော်၊ ဦးခွန်နောင်မြင့်ဝေ၊ ဦးဇော်မင်းသိန်းတို့အပါအဝင် အဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

''လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 အကျပ်အတည်းကာလမှာ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုအဆင်ပြေပြေ ကျော်ဖြတ်သွားနိုင်မလဲ၊ ခံနိုင်ရည်ရှိရှိနဲ့ ကြိုးစားဆောင်ရွက်သွားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘတ်ဂျက်အနုတ်လက္ခဏာပြနေတဲ့အနေအထားကနေ လွတ်မြောက်သွားဖို့၊ ပေးဆပ်ရန်ကျန်ရှိနေတာတွေ အကုန်ပေးဆပ်ပြီးတော့ အရန်ငွေကြေးကအစ ထားရှိပြီး အဖွဲ့ချုပ်အနေနဲ့ လည်ပတ်ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ပုံစံနဲ့မတူတဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ကော်မတီက လုပ်ကြမှာပါ။ လက်ရှိအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် စိုက်ထုတ်သုံးစွဲနေရတာမျိုး၊ နောင်တက်လာမယ့် ဥက္ကဋ္ဌတွေလက်ထက်မှာ မရှိတော့ဖို့ လိုအပ်ပါတယ်''ဟု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီ၏ ၂၀၂၀ ခုနှစ်အတွက် ပထမဦးဆုံးအကြိမ်အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

စျေးကွက်ရှာဖွေ ရေးကဏ္ဍနှင့် အဖွဲ့ချုပ်၏ ရရန်၊ ပေးရန်အခြေအနေများ၊ လာမည့်အနာဂတ်တွင် ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်စွာဖြင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို အ စည်းအဝေးသို့ တက်ရောက်လာသောပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် COVID-19 ကာလအတွင်း အဖွဲ့ချုပ်ဥက္ကဋ္ဌမှဦးဆောင်ကာ ဝန်ထမ်းများ၊ လက်ရွေးစင်ဟောင်းများ၊ ဒိုင်လူကြီးဟောင်းများကို ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး လိုအပ် ချက်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီနှင့် အဆောင်များကိုလည်း Quarantine ဝင်သူများအတွက် အသုံးပြုနိုင်ရန် ခွင့်ပြုပေးခဲ့သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘဏ္ဍာရေးအခြေအနေ အနုတ်လက္ခဏာပြသနေကြောင်း အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သော အကြောင်းအရာများအရသိရပြီး ယခုအခြေအနေမှ အမြန်ဆုံးကျော်လွှားနိုင်ရန် ဆွေးနွေးမှုများပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရွေးစင် အသင်းသည် ၂၀၂၀ ခုနှစ်တွင်  ကမ္ဘာ့ဖလားနှင့် အာရှ ဖလားခြေစစ်ပွဲစဉ်များ၊ ဆူဇူကီးပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားရန်ရှိနေသည်။

 

Most Read

Most Recent