လျှပ်စစ်မီတာခများ အပြောင်းအလဲ ပြုလုပ်၍ ကောက်ခံခဲ့သော်လည်း အမြတ်ရရှိခြင်း မရှိသေးဘဲ တစ်နှစ်လျှင် ကျပ်ဘီလျံ ၂၀၀ ခန့် ရှုံးနိုင်သေးကြောင်း လျှပ်စစ်/စွမ်းအင် အမြဲတမ်းအတွင်းဝန် ပြောကြား

လျှပ်စစ်မီတာခများ အပြောင်းအလဲ ပြုလုပ်၍ ကောက်ခံခဲ့သော်လည်း အမြတ်ရရှိခြင်း မရှိသေးဘဲ တစ်နှစ်လျှင် ကျပ်ဘီလျံ ၂၀၀ ခန့် ရှုံးနိုင်သေးကြောင်း လျှပ်စစ်/စွမ်းအင် အမြဲတမ်းအတွင်းဝန် ပြောကြား
Published 9 June 2020
နေရိုင်း၊အောင်မင်းသိန်း

လျှပ်စစ်မီတာခများ အပြောင်းအလဲ ပြုလုပ်၍ ကောက်ခံခဲ့သော်လည်း အမြတ်ရရှိခြင်း မရှိသေးဘဲ တစ်နှစ်လျှင် ကျပ်ဘီလျံ ၂၀၀ ခန့် ရှုံးနိုင်သေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

ဇူလိုင် ၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် COVID-19 ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ လျော့နည်းသွားနိုင်ခြင်းကြောင့် လျှပ်စစ်ကဏ္ဍ၏ အမြတ်ငွေ ပေါ်နိုင်ပါသေးလား ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကိ ုပြန်လည်ဖြေကြားရာတွင် ဦးတင်မောင်ဦး က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ၂၀၁၉-၂၀ မူလ ခန့်မှန်းခြေမှာ ၃၂ ဘီလျံ မြတ်မယ်လို့ တွေ့ရှိပြီးတော့ အခု COVID-19 ကာလနဲ့ဆို မှန်ပါတယ်။ ကျွန်တော်တို့အခု ပြောရမယ်ဆိုရင်တော့ အရင်တုန်းက တစ်နှစ်ကို ဘီလျံ ၇၀၀ လောက် တစ်နေ့ကို နှစ်ဘီလျံကျပ်လောက် နိုင်ငံတော်ကနေပြီး ဓာတ်အားထုတ်လုပ်မှုအပေါ်မှာ စိုက်ထုတ်ပြီးတော့ ရှုံးနေတယ်ဆိုတာ ကြားဖူးပြီးသား။ ဒါကြောင့်မလို့  ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ စတင်ပြီးတော့ ဓာတ်အားစျေးနှုန်း အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မှာတော့ ကျွန်တော်တို့က မြတ်တယ်လို့ မပြောလိုပါဘူး။ ရှုံးတော့ ရှုံးပါတယ်။ ဒါပေမဲ့ အရှုံးနည်းသွားပါပြီ။ အရင်လိုတော့ မရှုံးတော့ပါဘူး။ တစ်နှစ်လုံးမှ ဘီလျံ ၁၀၀၊ ၂၀၀ လောက် ပတ်ဝန်းကျင်တော့ ကျွန်တော်တို့ ရှုံးနိုင်ပါသေးတယ်” ဟု ဦးတင်မောင်ဦးက ပြောကြားသည်။

ဓာတ်အား ထုတ်လုပ်မှုစရိတ်သည် ရေအားလျှပ်စစ် တစ်ခုတည်းကိုသာ အားကိုးရခြင်း မဟုတ်ဘဲ သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုသည့် စနစ်များနှင့် ဒီဇယ်အသုံးပြုသည့် စက်များဖြင့် မောင်းနှင်နေရခြင်းများ ရှိကြောင်း၊ ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ ပြုလုပ်နေသော်လည်း ဆည်များတွင် ရေနည်းလာသည့်အတွက် လာမည့် မိုးရာသီနှင့် တစ်ဆက်တည်း ဖြစ်စေရန် ထိန်းညှိ၍ မောင်းနှင်ရခြင်းများကြောင့် သဘာဝဓာတ်ငွေ့မှ ပိုမို၍ ထုတ်လုပ်နိုင်ရန် မောင်းနှင်နေရခြင်း ရှိသဖြင့် အနည်းငယ် ပို၍ရှုံးခြင်းများလည်း ရှိကြောင်း ဦးတင်မောင်ဦးက ပြောကြားသည်။

ဦးတင်မောင်ဦးက ”ရေအားလျှပ်စစ်ကလည်း သူတတ်နိုင်သလောက် မောင်းပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ သိတဲ့အတိုင်းပဲ၊ ဆည်တွေမှာဆိုရင် မိုးမရွာတဲ့အတွက် နည်းလာတဲ့အတွက် ကျွန်တော်တို့ ထိန်းညှိပြီး တော့လာမယ့် မိုးတွင်းနဲ့ တစ်ဆက်တည်း ဖြစ်သွားပြီးတော့ ရေကို ထိန်းညှိပြီး မောင်းနှင်ရတာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ သဘာဝဓာတ်ငွေ့က ပိုပြီးထုတ်လုပ် မောင်းနှင်ရတဲ့အတွက် ပိုပြီးတော့ အနည်းငယ် ရှုံးတာမျိုးတွေ ရှိပါတယ်။ အဲဒီအတွက် ကျွန်တော် အမှန်အတိုင်း ရှင်းလင်းပြောကြားခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် စွမ်းအင်အမျိုးအစားအလိုက် ပြီးခဲ့သည့်နှစ် ကုန်ကျစရိတ်များအရ ဌာနပိုင် ရေအား ထုတ်လုပ်မှုသည် တစ်ယူနစ်လျှင် ၁၂ ကျပ်ခန့်ရှိကြောင်း၊ ပုဂ္ဂလိကပိုင် ရေအားထုတ်လုပ်များတွင် တစ်ယူနစ်လျှင် ၇၂ ကျပ်ခန့် ကုန်ကျပြီး နေရောင်ခြည်စွမ်းအင်ဖြင့် ထုတ်လုပ်မှုသည် တစ်ယူနစ်လျှင် ၁၉၅ ကျပ်ခန့် ကုန်ကျကြောင်းနှင့် အပူစွမ်းအင်ဖြင့် လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် တစ်ယူနစ်လျှင် ကျပ် ၁၅၀ မှ ၁၉၀ ကြား ကုန်ကျကြောင်း ဦးတင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent