ချန်ပီယံဆုရယူလိုပါက ပွဲတိုင်းအနိုင်ရရန်လိုအပ်ဟု ဘာစီလိုနာနည်းပြ ဆယ်တီယန် ဆို

ချန်ပီယံဆုရယူလိုပါက ပွဲတိုင်းအနိုင်ရရန်လိုအပ်ဟု ဘာစီလိုနာနည်းပြ ဆယ်တီယန် ဆို
Published 8 June 2020

ဘာစီလိုနာနည်းပြ ဆယ်တီယန်က မိမိတို့အသင်းအနေဖြင့် လာလီဂါချန်ပီယံဆုရရှိလိုပါက လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ရပ်နားထားခဲ့ရသည့် စပိန်လာလီဂါပွဲစဉ်များကို လာမည့်ဇွန်(၁၁)ရက်နေ့တွင် ပြန်လည်စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ကျန်ပွဲစဉ် (၁၁)ပွဲကျန်ရှိနေသေးသည်။

ဘာစီလိုနာအသင်းအနေဖြင့် ပွဲစဉ် (၂၇)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ် (၅၈)မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာမှ ရီးယဲလ်အသင်း (၅၆ မှတ်)အား (၂)မှတ်ဖြတ်ကာဦးဆောင်နေသည်။

ဆယ်တီယန်က ''ပုံမှန်အတိုင်းဆိုရင်တော့ ဒီအချိန်မှာ ခင်ဗျားတို့အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေ ကစားရမယ့်အချိန်ပါ။ ဒါပေမဲ့ အခုတော့ ခြားနားသွားခဲ့ပါပြီ။ ကျွန်တော်တို့အသင်းအနေနဲ့ လာလီဂါချန်ပီယံဆုကို အရယူဖို့အလိုရှိတယ်ဆိုရင်တော့ လက်ကျန်ပွဲအားလုံးကို အနိုင်ရဖို့လိုတာကို တွေးထားရပါမယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ပြန်ကစားနိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်းလည်း ဆယ်တီယန်က မှတ်ချက်ပြုခဲ့သည်။

ဆွာရက်ဇ်သည် ဇန်နဝါရီလကတည်းက ဒဏ်ရာကြောင့် အနားယူနေရပြီး ပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့ရသည့်အတွက် ယခုရာသီအတွင်း ဘောလုံးပြန်ကစားရန် အခွင့်အရေးရရှိခဲ့သည်။

 

Most Read

Most Recent