MMA အားကစားလောက၏ ထာဝရအကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ဂျွန်ဂျုံးစ်က UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒါနာဝှိုက်နှင့် အချေအတင်ဖြစ်ပွားပြီးနောက် ချန်ပီယံခါးပတ်ကို လက်လွှတ်တော့မည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် အမေရိကန်ကစားသမား ဂျွန်ဂျုံးစ်သည် ဟဲဗီးဝိတ်တန်းကစားသမား ဖရန်စစ်အန်ဂန်နူနှင့် ထိုးသတ်မည့်ပွဲအတွက် ဆုကြေး ပေါင် ၂၄ သန်း တောင်းဆိုရာမှ အဆင်မပြေဘဲ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်နှင့် အချေအတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပရိသတ်တစ်ဦးက ချန်ပီယံခါးပတ် ရုပ်သိမ်းခံတော့မည်လားဟု Twitter တွင် မေးမြန်းရာ ဂျွန်ဂျုံးစ်က 'Yes' ဟု ပြန်ဖြေခဲ့သည်။

ထို့ပြင် ၎င်းက ''ဘုန်းစ် ထွက်လိုက်ပါပြီ။ (ကစားသမားအမည် ဂျွန်ဘုန်းစ်ဂျုံးစ်) လမ်းမှာတွေ့ရင် ကျွန်တော့်ကို JJ လို့ပဲ ခေါ်ကြပါ။ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်အတွက်တော့ Veni၊ Vidi၊ Vici (ဂျူးလိယက်ဆီဆာ၏ နာမည်ကျော် ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်နိုင်တယ် အဆိုအမိန့်) ပါပဲ''ဟု ဆက်လက်ရေးသားထားသည်။
ဂျွန်ဂျုံးစ်သည် ၂၀၁၁ ခုနှစ်ကတည်းက UFC လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ရရှိထားသူဖြစ်ပြီး ကစားသမားဘဝ ၂၈ ပွဲ ထိုးသတ်ရာတွင် ၂၆ ပွဲနိုင်၊ တစ်ပွဲရှုံး (တစ်ပွဲ ပယ်ဖျက်ခံရ) ရလဒ်ရရှိထားပြီး ၂၀၁၉ ခုနှစ်က ထုတ်ပြန်သည့် UFC အမျိုးသားကစားသမား အဆင့်ရပ်တည်မှုစာရင်းတွင် နံပါတ် ၁ အဖြစ် ဖော်ပြခံခဲ့ရသည်။















