ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် ပြုလုပ်သည့် Blackout Tuesday နှင့် Black Lives Matter လှုပ်ရှားမှုတွင် ထိပ်တန်းကလပ်နှင့် ကစားသမားများစွာ ပူးပေါင်းပါဝင်

ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် ပြုလုပ်သည့် Blackout Tuesday နှင့် Black Lives Matter လှုပ်ရှားမှုတွင် ထိပ်တန်းကလပ်နှင့် ကစားသမားများစွာ ပူးပေါင်းပါဝင်
Photos : Chelsea, Liverpool, Newcastle Utd
Photos : Chelsea, Liverpool, Newcastle Utd
Published 4 June 2020

အမေရိကန်လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် ပြုလုပ်သည့် Blackout Tuesday နှင့် Black Lives Matter လှုပ်ရှားမှုတွင် ထိပ်တန်းကလပ်အသင်းများနှင့် အားကစားသမားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂျော့ချ်ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသလို ပရီးမီးယားလိဂ်ကလပ်များနှင့် နာမည်ကြီးအားကစားကြယ်ပွင့်များကလည်း လူမှုမီဒီယာလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၁ ရက်တွင် လီဗာပူးလ်အသင်း၊ ဇွန် ၂ ရက်တွင် ချယ်လ်ဆီးနှင့် နယူးကာဆယ်အသင်းကစားသမားများက Black Lives Matter လှုပ်ရှားမှုအဖြစ် လေ့ကျင့်ရေးကွင်း၌ ဒူးတစ်ဖက်ထောက်၍ ရိုက်ကူးထားသည့်ဓာတ်ပုံကို ၎င်းတို့၏ တရားဝင် Twitter မှတစ်ဆင့် ဖော်ပြခဲ့ကြသည်။

ထို့ပြင် ဒေါ့မွန်အသင်း လူငယ်ကြယ်ပွင့် ဆန်ချို၊ မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီးနီ၊ ပဲလေ့စ်အသင်းတောင်ပံကစားသမား ဇာဟာ၊ ရိန်းဂျားစ် အသင်းနည်းပြ စတီဗင်ဂျရတ်၊ နယ်သာလန်ကလပ် အေဂျက်စ်အသင်း၊ လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်း၊ NBA ကစားသမား လီဘရွန်ဂျိမ်းစ်၊ စတီဖင်ကာရီတို့အပါအဝင် အားကစားသမားများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများစွာကလည်း Instagram ၌ အမည်းရောင် ဓာတ်ပုံတင်၍ Blackout Tuesday လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Blackout Tuesday လှုပ်ရှားမှုကို ဂီတလောကတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်နှင့် အလုပ်များကို တစ်ရက်တာအဆက်ဖြတ်၍ လူမှုပတ်ဝန်းကျင်နှင့် ပြန်လည်ဆက်သွယ်သည့် လှုပ်ရှားမှုဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချမှတ်ထားသည့်စည်းမျဉ်းအရ ဘောလုံးနှင့် နိုင်ငံရေးရောယှက်မှုမရှိရန် တားမြစ်ထားသော်လည်း ယခုဖြစ်ရပ်အတွက် ထောက်ခံသည့်လှုပ်ရှားမှုများကို အရေးမယူဘဲ အားပေးသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့၌ လူဖြူရဲအရာရှိ ဒဲရက်ချော်ဗင်၏ အင်အားအလွန်အကျွံသုံး၍ ဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးခဲ့ရာမှ အမေရိကန်နှင့် ဗြိတိန်တွင် ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ ဖြစ်ပွားလျက်ရှိပြီး အမေရိကန်ရှိ မြို့ပေါင်း ၂၄ မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

 

Most Read

Most Recent