MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်

MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်
Photo: MFF
Photo: MFF
Published 3 June 2020

MFF သည် ယင်းပြိုင်ပွဲကို အသင်းပေါင်း ၁၄ သင်း သို့မ ဟုတ် ၁၆ သင်းဖြင့် ကျင်းပရန် စီစဉ်ထားပြီး ဖူဆယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အသင်း ၁၁ သင်း၊ ပြီးခဲ့သည့်နှစ်က မန္တလေးမြို့တွင် ကျင်းပခဲ့သည့် MFF Open Cup ဖူဆယ် ပြိုင်ပွဲမှ ဆီမီးဖိုင်နယ်ရောက် အသင်းများဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည်  MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲ ကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MFF သည် ယင်းပြိုင်ပွဲကျင်းပရန် ဇွန် ၂ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီဝင် များ တက်ရောက်ခဲ့သည်။ MFF သည် ယခင်က မေလတွင် MFF Open Cup ပြိုင်ပွဲ ကျင်းပ ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပြိုင်ပွဲရွှေ့ဆိုင်းခဲ့ရသောကြောင့် MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲကို အစားထိုးကျင်းပခြင်းဖြစ်သည်။ 

MFF သည် ယင်းပြိုင်ပွဲကို အသင်းပေါင်း ၁၄ သင်း သို့မ ဟုတ် ၁၆ သင်းဖြင့် ကျင်းပရန် စီစဉ်ထားပြီး ဖူဆယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အသင်း ၁၁ သင်း၊ ပြီးခဲ့သည့်နှစ်က မန္တလေးမြို့တွင် ကျင်းပခဲ့သည့် MFF Open Cup ဖူဆယ် ပြိုင်ပွဲမှ ဆီမီးဖိုင်နယ်ရောက် အသင်းများဖြင့် ကျင်းပမည်ဖြစ်သည်။ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် GV အသင်းသည် မန္တလေးမြို့၌ ကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ရာသီအပြီးတွင် အသင်း ဖျက်သိမ်းသွားသောကြောင့် ဖူဆယ်လိဂ်မှ ၁၁ သင်းသာ ကျန်ရှိတော့သလို မန္တလေးပြိုင်ပွဲ တွင် ဒုတိယဆုရအသင်းနှင့် ဆီမီးဖိုင်နယ်ရောက်ကျန်နှစ်သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

" ဒီပြိုင်ပွဲက Open Cup ပြိုင်ပွဲအစား ကျင်းပတာဖြစ်ပါတယ်။ Open Cup ပြိုင်ပွဲ က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရလို့  Knock-Out Cup ပြိုင်ပွဲအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အသင်းပေါင်း ၁၄ သင်းနဲ့ ကျင်းပဖို့လျာထားပါတယ်။ ဖူဆယ် လိဂ်က ၁၁ သင်း၊ မန္တလေးမြို့မှာ ၂၀၁၉ ခုနှစ် က ကျင်းပတဲ့ Open Cup ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်တဲ့ သုံးသင်း၊ စုစုပေါင်း ၁၄ သင်း နဲ့ ကျင်းပဖို့ လျာထားပါတယ်။ မန္တလေး Open Cup မှာ ဗိုလ်စွဲပြီး ဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နေတဲ့  GV အသင်းက အသင်းဖျက်သိမ်းသွားတာကြောင့် ဆီမီးဖိုင်နယ်ရောက်တဲ့လေးသင်းမှာ သုံးသင်းပဲ ယှဉ်ပြိုင်ခွင့်ရမှာပါ။ ပြိုင်ပွဲကို ဇူလိုင်နဲ့ သြဂုတ်မှာ ကျင်းပဖို့လျာထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်း ပြုလုပ်သွားမှာပါ" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

ယင်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် ဝင်ကြေးကျပ်နှစ်သိန်း ပေးသွင်းရမည်ဖြစ်ပြီး MIU ဖူဆယ်ကလပ် အသင်း တည်ဆောက်ထားသည့် ဖူဆယ်အားကစားရုံတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent