အူဘာမီယန်းအား အာဆင်နယ်အသင်းတွင် ဆက်ရှိနေရန် အာတီတာ ကြိုးပမ်းမည်

အူဘာမီယန်းအား အာဆင်နယ်အသင်းတွင် ဆက်ရှိနေရန် အာတီတာ ကြိုးပမ်းမည်
Photo:Getty Images
Photo:Getty Images
Published 3 June 2020

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ အူဘာမီယန်းအား အသင်းတွင် ဆက်ရှိနေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် တစ်ပတ်လစာ ပေါင် (၂၀၀၀၀၀) ရရှိနေသူဖြစ်ပြီး ၎င်း၏စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အူဘာမီယန်းအား စာချုပ်သက်တမ်းအတွက် ကမ်းလှမ်းခြင်းမရှိသေးသလို၊ လာမည့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်တွင် အူဘာမီယန်းအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် အာဆင်နယ်အသင်းနည်းပြ အာတီတာက အူဘာမီယန်းမှာ အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားဟု ယူဆနေပြီး ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် စည်းရုံးသွားရန် ပြင်ဆင်နေကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အူဘာမီယန်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၅၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉၇)ပွဲတွင် (၆၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent