ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုလျှင် ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီး သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေ လစဉ်တစ်သောင်းကျော်ရှိကာ ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးထား

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုလျှင် ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီး သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေ လစဉ်တစ်သောင်းကျော်ရှိကာ ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးထား
Published 2 June 2020
မျိုးထွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုလျှင် ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီး ရုံးပိတ်ထားသည့် ကာလတွင် သက်တမ်းကျော်လွန်သွားသည့် ယာဉ်အစီးရေမှာ လစဉ်တစ်သောင်းကျော်ရှိကာ ၎င်းယာဉ်များကို ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့် ပေးထားကြောင်း ဇွန် ၂ ရက်တွင် မြင်သာကညနရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ COVID ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ကြီးကြပ်မှုရယ်၊ ကျွန်တော်တို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ကွပ်ကဲမှုတွေနဲ့အတူ လုပ်ငန်းတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ COVID ရောဂါကြောင့် တစ်နိုင်ငံလုံး မတ် ၃၀ ရက်ကနေစပြီးတော့ ပြည်သူလူထုကို လူစုလူဝေးဖြစ်စေမယ့် ယာဉ်မှတ်ပုံတင် သက်တမ်းတိုး လုပ်ငန်းတွေ၊ ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုတာတွေ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေကို ရပ်ဆိုင်းထားပါတယ်။ အဲ့ဒီကာလမှာ ပြည်သူကို ဝန်ဆောင်တာ ရပ်ဆိုင်းပေမယ့်လို့ ကျွန်တော်တို့ ရုံးတွေကတော့ ဝန်ထမ်းအင်အား တစ်ဝက်နဲ့ ရုံးဖွင့်ပါတယ်။ ဇွန် ၁ ရက်ကစပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းအင်အား အပြည့်နဲ့ ဝန်ထမ်းတွေ ရုံးတက်ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရုံးမှာ COVID ရောဂါအလွန်မှာ ပြည်သူတွေရဲ့ မော်တော်ယာဉ်မှတ်ပုံတင် လုပ်ငန်းတွေ ပြန်လည် စတင်ဖို့အတွက် ပြင်ဆင်နေတာကို တွေ့မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ လိုက်နာဆောင်ရွက်လျက် ရှိပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းနဲ့ ပြည်ထောင်စုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ရဲ့ သဘောတူညီချက်တွေ၊ ခွင့်ပြုချက်တွေနဲ့ ရုံးတွေပြန်လည် ဖွင့်လှစ်ပါလို့ ပြောလာလျှင် ဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့ခုချိန်မှာ အဆင့်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်” ဟု တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေမှာ အနောက်ပိုင်းခရိုင်ရုံးတွင် လစဉ်အစီးရေ ၁၀၀၀၀ နှင့် ၁၂၀၀၀ ကြားရှိပြီး ကျန်သည့်ရုံးများတွင် အစီးရေ ၅၀၀၀ နှင့် ၆၀၀၀ ကြားရှိကြောင်း ဦးသိန်းထွဋ်က ဆက်လက်ပြောကြားသည်။

“ရုံးပိတ်ခဲ့တဲ့ ဧပြီနဲ့ မေမှာဆိုရင် မော်တော်ကားကြီးတွေရှိတဲ့ ရွာသာကြီးမှာဆိုရင် အစီးရေ ၃၅၀၀ ကျော်၊ အနောက်ပိုင်းရုံးမှာ အစီးရေ ၇၀၀၀ ကျော်နဲ့ ကျန်တဲ့အရှေ့ပိုင်း၊ မြောက်ပိုင်းမှာ တစ်လကို အစီးရေ ၄၀၀၀ ကျော် သက်တမ်းကျော်လွန်နေတဲ့ ယာဉ်တွေရှိပါတယ်။ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် စသဖြင့် သြဂုတ်လအထိ ပျမ်းမျှကို တွက်ကြည့်မယ်ဆိုရင် တစ်လတစ်လကို လအလိုက် သက်တမ်းကုန်နေတဲ့ ယာဉ်ပေါင်းက အနောက်ပိုင်းခရိုင်ရုံးမှာ အစီးရေ ၁၀၀၀၀ နဲ့ ၁၂၀၀၀ ကြားရှိပါတယ်။ လစဉ်မှာ ရှိပါတယ်။ ကျန်တဲ့ရုံးတွေက တော့ အစီးရေ ၅၀၀၀ နဲ့ ၆၀၀၀ ကြား သက်တမ်းတွေ ကုန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြွေးကျန်ခဲ့တဲ့ ယာဉ်တွေရော၊ နောက်ထပ် သက်တမ်းတိုးမယ့် ယာဉ်တွေရောကို မျှတအောင် အွန်းလိုင်းကနေပြီးတော့ အားလုံးဘိုကင် ယူပြီးတော့မှ တဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်ပါတယ်” ဟု ဦးသိန်းထွဋ်က ပြောကြားသည်။

ထို့ပြင်ရုံးပိတ်ထားသည့် ကာလတစ်လျှောက်တွင် ရှိသည့် ရက်လွန်ဒဏ်ကြေးများကိုလည်း ကောက်ခံခြင်းမရှိဘဲ ကင်းလွတ်ခွင့် ပေးထားမည်ဖြစ်ကာ သက်ဆိုင်ရာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ကိုလည်း ရက်လွန်နေသည့် ယာဉ်များကို ဖမ်းဆီးခြင်းမပြုရန် ညိနှိုင်းထားပြီး ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့သည် ပိတ်ထားတဲ့ ကာလတွေမှာ ကူးစက်ဖို့ မရှိဖို့အတွက် ဌာနက ရပ်ဆိုင်းတာဖြစ်တဲ့ အတွက်ကြောင့် ပိတ်ထားတဲ့ကာလ တစ်လျှောက်လုံးမှာ ရှိတဲ့ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း မရှိပါဘူး။ ကင်းလွတ်ခွင့် ပေးထားပါတယ်။ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ကလည်း ရက်လွန်နေတဲ့ ယာဉ်တွေကို မဖမ်းဖို့ ကျွန်တော်တို့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရုံးဖွင့်ပြီးရင်လည်း အေးအေးဆေးဆေး လာလုပ်လို့ရ ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေအရ နှစ်လသုံးလစသဖြင့် အချိန်ကြာသည်အထိ ရက်လွန်ဒဏ်ကြေး ကောက်ခံမှာ မဟုတ်ပါဘူး။ ကင်းလွတ်ခွင့်ပေးထားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ကညနရုံးများ ပြန်လည်ဖွင့်လှစ်လျှင် နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးမည် ဖြစ်သလို လိုအပ်လျှင်လည်း စနေနေ့ကိုပါ ရုံးများဖွင့်လှစ်ပြီး အကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် အချိန်ပို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

 

Most Read

Most Recent