လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်အတွက် လှုပ်ရှားမှုတွင် အားကစားလောကမှ ထိပ်တန်းကြယ်ပွင့်များ ပူးပေါင်းပါဝင်

လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်အတွက် လှုပ်ရှားမှုတွင် အားကစားလောကမှ ထိပ်တန်းကြယ်ပွင့်များ ပူးပေါင်းပါဝင်
Published 2 June 2020

လူဖြူရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့ရသည့် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်အတွက် လှုပ်ရှားမှုတွင် အားကစားလောကမှ ထိပ်တန်း ကြယ်ပွင့်များ ပူးပေါင်းပါဝင်လျက်ရှိကြောင်း  သိရသည်။

မေ ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဒေါ့မွန်အသင်းကစားသမား ဆန်ချိုနှင့် ဟာကီမီ၊ မိုချန်ဂလာဘတ်အသင်းတိုက်စစ်ကစားသမား မားကပ်စ်သူရမ်တို့က ဂိုးသွင်းယူပြီးနောက် ဂျော့ချ်ဖလွိုက်အတွက်ရည်ရွယ်၍ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲအဆင့်တွင် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ဆန်ချိုသည် ပထမဂိုးသွင်းယူပြီးနောက် အောက်ခံအကျႌတွင် ''Justice For George Floyd'' ဟု ရေးသားထားသည့်စာအား မြင် တွေ့စေရန် အကျႌချွတ်၍ အောင်ပွဲခံခဲ့သောကြောင့် အဝါကတ်ပြခံခဲ့ရသည်။

စတုတ္ထဂိုးသွင်းယူခဲ့သူ ဟာကီမီကလည်း အောက်ခံအကျႌတွင် ဆန်ချိုနှင့် ပုံစံတူရေးသားထားသည့်စာကိုပြသ၍ အောင်ပွဲခံခဲ့သည်။

ထို့ပြင် မားကပ်စ်သူရမ်ကလည်း ဂိုးသွင်းပြီးနောက် ဂျော့ချ်ဖလွိုက်အတွက်ရည်ရွယ်၍ ဒူးတစ်ဖက်ထောက်ကာ အောင်ပွဲခံခဲ့ကြောင်း သိရသည်။

လူမည်းအနွယ်ဝင်များဖြစ်သည့် ၀ါရင့်အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံ၊ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ၊ ဆယ်ကျော်သက် အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်၊ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်၊ လီဗာပူးလ်အသင်း လူငယ်တိုက်စစ်မှူး ဘရူစတားတို့ကလည်း တရားမျှတမှုရရှိရေးအတွက် အားလုံးနှင့်အတူ ရပ်တည်နေကြောင်း Twitter နှင့် Instagram မှတစ်ဆင့် ပြောကြားခဲ့ကြသည်။

ဂျော့ချ်ဖလွိုက်သည် မေ ၂၅ ရက်က မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့၌ ဖမ်းဆီးခံရစဉ် ဒဲရက်ချော်ဗင်ဟုဆိုသူ လူဖြူရဲအရာရှိက လည်ပင်းအား ဒူးဖြင့် ရှစ်မိနစ်ကျော်ကြာ ဖိထားရာမှ သေဆုံးသွားသဖြင့် ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိပြီး မြို့ ၂၄ မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

Most Read

Most Recent