ရာသီအဖွင့် မန်စီးတီးနှင့်ပွဲလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် ၎င်း၏အနာဂတ်အတွက် ရှင်လင်းစွာသိရရန် စတာလင် အလိုရှိနေ

ရာသီအဖွင့် မန်စီးတီးနှင့်ပွဲလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် ၎င်း၏အနာဂတ်အတွက် ရှင်လင်းစွာသိရရန် စတာလင် အလိုရှိနေ
Published 19 August 2024

ချယ်လ်ဆီးအသင်း၏ တောင်ပံကစားသမား စတာလင်သည် ပရီးမီးယားလိဂ်ရာသီအဖွင့် မန်စီးတီးနှင့်ပွဲတွင် လူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် ၎င်း၏ အနာဂတ်အတွက် ရှင်းလင်းစွာသိရရန် အလိုရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် မန်စီးတီးနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အင်္ဂလန်ကစားသမား စတာလင်ကို အရန်ကစားသမားစာရင်းတွင်ပင် ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ စတာလင်(၂၉ နှစ်)သည် ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ချယ်လ်ဆီးသို့ (၅)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၈၁)ပွဲကစားကာ (၁၉) ဂိုးသွင်းယူပေးထားသည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရသော စတာလင်သည် အားလပ်ရက်မှ နှစ်ပတ်စောကာ ပြန်ရောက်လာခဲ့ပြီး တစ်ဦးတည်းလေ့ကျင့်မှုများပြုလုပ်ခဲ့သလို၊ ရာသီကြိုခြေစမ်းပွဲ(၆)ပွဲစလုံးတွင်လည်း ပါဝင်ကစား ခွင့်ရရှိခဲ့သည်။ ထို့ပြင် ချယ်လ်ဆီးနည်းပြသစ် မာရက်စကာနှင့်လည်း ဆက်ဆံရေးအဆင်ပြေခဲ့သည့်အတွက် ရာသီအဖွင့်ပွဲတွင် ကစားခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း နည်းစနစ်ပိုင်းအကြောင်းပြချက်ဖြင့် လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စတာလင်သည် လီဗာပူးလ်အသင်းတွင် ယှဉ်ပြိုင်ကစားစဉ် ၂၀၁၃-၁၄ ရာသီကတည်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်များကို (၁၁)ရာသီဆက် တိုက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့သူဖြစ်ပြီး ယခုရာသီတွင် ပထမဆုံးအကြိမ် လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအခြေအနေအတွက် ချယ်လ်ဆီးနည်းပြ မာရက်စကာက "ဒါက နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ပါပဲ။ တခြားဘာမှ ပြောစရာမရှိပါဘူး။ နည်းပြတွေက ဆုံးဖြတ်ချက်ချမှတ်ရပြီး တစ်ခါတစ်ရံ ကစားသမားတွေက သဘောမကျကြပါဘူး"ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပူးတွဲပိုင်ရှင်ဖြစ်သူအသင်း ဥက္ကဋ္ဌ တော့ဒ်ဘိုလီ၏ ဦးဆောင်မှုအောက်သို့  ရောက်ရှိချိန်ကတည်းက ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး ယခုနွေရာသီတွင်လည်း ကစားသမားသစ်(၁၁)ဦး ထပ်မံခေါ် ယူအားဖြည့်ခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၏ လူစာရင်းမှာ အလွန်ဖောင်းပွသည့်အနေအထား ဖြစ်နေသည့်အပြင် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ကစားသမားအချို့အား ပြန်လည်ရောင်းထုတ် ရန်စီစဉ်နေရာ ယခုကဲ့သို့ ရာသီအဖွင့်ပွဲ လူစာရင်းမှ ချန်လှပ် ခဲ့ခြင်းမှာ စတာလင်အား ရောင်းထုတ်ရန်ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းအတွက် စတာလင်၏ ကိုယ်စားလှယ်များက အနာဂတ်အတွက် ရှင်းရှင်းလင်းလင်းသိလိုသည်ဟု ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် စတာလင်ကို စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အပါအဝင် ကလပ်အသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ESPN က ဖော်ပြခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ကစားသမားသစ်များစွာ ခေါ်ယူထားပြီးဖြစ်သော်လည်း တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေသည်။ ထို့ကြောင့် ဈေးကွက်မပိတ်မီ အပြောင်းအလဲများစွာ မြင်တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent