အစိုးရသက်တမ်း လေးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၆၀ ကျော် ခွင့်ပြုနိုင်ခဲ့ပြီး စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းအောက်သာ ဆက်ရှိနေ

အစိုးရသက်တမ်း လေးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၆၀ ကျော် ခွင့်ပြုနိုင်ခဲ့ပြီး စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းအောက်သာ ဆက်ရှိနေ
 ပဲခူးတိုင်းအနောက်ခြမ်းရှိ ကျေးလက်တစ်ခုတွင် မိုးစပါးရိတ်သိမ်းခြွေလှေ့မှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း၊ ပြည်)
ပဲခူးတိုင်းအနောက်ခြမ်းရှိ ကျေးလက်တစ်ခုတွင် မိုးစပါးရိတ်သိမ်းခြွေလှေ့မှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း၊ ပြည်)
Published 28 May 2020
ဇေယျာငြိမ်း

အစိုးရသက်တမ်း လေးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၆၀ ကျော် ခွင့်ပြုပေးနိုင်ခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ၏ တစ်ရာခိုင်နှုန်းအောက်၌သာ ဆက်ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၄ ဒသမ ၂၅၄ သန်းရှိ  လုပ်ငန်းပေါင်း ၁၅ ခု ခွင့်ပြုထားသည်။

ပြီးခဲ့သည့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ ၂၇ နှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၂၅၀ နီးပါးရှိ လုပ်ငန်းပေါင်း ၁၉ ခုသာ ခွင့်ပြုထားသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ၏ သုည ဒသမ ၃၉ ရာခိုင်နှုန်းသာရှိသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၄ သန်း အထိ ခွင့်ပြုပေးထားသည်။ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကြီး ၁၂ ခုတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ အဓိကခွင့်ပြုပေးထားခြင်းဖြစ်သည်။

ယင်းစီးပွားရေးကဏ္ဍများအနက် အစဉ်လိုက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၆ ရာခိုင်နှုန်းကျော်၊ လျှပ်စစ် ကဏ္ဍတွင် ၂၆ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ၁၃ ရာခိုင်နှုန်းကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်းကျော်၊ သတ္တုတွင်းထွက်ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တစ်ရာခိုင်နှုန်းနီးပါး၊ စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၅ ရာခိုင် နှုန်း၊ စက်မှုဇုန်ကဏ္ဍ သုည ဒသမ ၃၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် သုည ဒသမ ၀၄ ရာခိုင်နှုန်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော် စသည်ဖြင့် အသီးသီး ဝင်ရောက်ထားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၈၅ ဒသမ ၁၆၇ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၀၀ နီးပါးအထိ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ယင်းအနက် စင်ကာပူနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၃၂၅ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံးရင်းနှီး မြှုပ်နှံထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၄၇၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများအဆင့်၌ အဆင့် (၃) တွင်ရှိသည်။

ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာတစ်ဘီလျံခန့်ရှိပြီး အဆင့် (၄) နေရာတွင်ရှိသည်။ ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်း ၄၉၀ ကျော်ရှိပြီး အဆင့် (၅) နေရာတွင်ရှိသည်။

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၆)၊ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၇)၊ မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၈) ၊ နယ်သာလန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၉)၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၁၀) စသည်ဖြင့် အသီးသီး လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

 

Most Read

Most Recent