အုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်း၏ အရေးပါမှု

အုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်း၏ အရေးပါမှု
Published 27 May 2020

ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ပင်ဖြစ်သည်ဟု အားလုံးလက်ခံထားကြသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်း ရှိခြင်းနှင့် အများကျေနပ်မှု ရစေသော အမှန်တရားအတွက် အာမခံချက်ပေးနိုင်ခြင်းတို့ ပါဝင်သည်။ တာဝန်ခံမှုရှိခြင်းသည် ထမ်းဆောင်မည့် အစိုးရအရာရှိများ သို့မဟုတ် အစိုးရအဖွဲ့များအား ၎င်းတို့အနေဖြင့် အများပြည်သူဝန်ဆောင်မှုများနှင့် ပတ်သက်သော အစီအစဉ်များ၌ ငွေကြေးနှင့်ပတ်သက်၍ တန်ဖိုးရှိစွာအသုံးပြုလျက်၊ အစိုးရအဖွဲ့၌ ယုံကြည်ရမှုရှိစွာ ပါဝင်လျက်၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအပေါ် ကောင်းစွာတာဝန်ယူလျက် စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရေးသေချာအောင် အကဲဖြတ်ရာ၌ အရေးကြီးသည်။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တာဝန်ခံမှုအမျိုးအစားများစွာရှိရာ အလျားလိုက် တာဝန်ခံမှုနှင့် ဒေါင်လိုက်တာဝန်ခံမှုတို့လည်း ပါဝင်သည်။ လွှတ်တော်နှင့် တရားစီရင်ရေးကဲ့သို့သော တာဝန်ခံမှုဆိုင်ရာ အင်စတီကျူးရှင်းများသည် အလျားလိုက်တာဝန်ခံမှုကိုပေးရသော အဖွဲ့များဖြစ်သည်။ အလျားလိုက် တာဝန်ခံမှုရှိခြင်းသည် အခြားအစိုးရအေဂျင်စီများနှင့် အစိုးရအဖွဲ့ခွဲများ၏ ခေါင်းပုံဖြတ်မှုများ သို့မဟုတ် အခြားနည်းလမ်းများမှ အစီရင်ခံရန် အေဂျင်စီများအတွက် လိုအပ်ချက်များကို စစ်ဆေးရန် နိုင်ငံတော်အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ နိုင်ငံသားများ၊ လူထုမီဒီယာများနှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းများက ဗျူရိုကရက်များနှင့်ပတ်သက်၍ ကောင်းသောစွမ်းဆောင်ရည်ဆိုင်ရာ စံချိန်စံနှုန်းများ ဖြစ်ပေါ်ရေးတွန်းအားပေးရန် ကြိုးပမ်းရာ၌ ဒေါင်လိုက်တာဝန်ခံမှုမှတစ်ဆင့် ဆောင်ရွက်ရသည်။

မိမိအနေဖြင့် တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးလိုပါက မိမိကိုယ်တိုင်နှင့် စတင်ရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်း၌ မိမိမြင်လိုသော အမူအကျင့်များကို ပုံစံချမှတ်ရန် လိုအပ်သည်။ မိမိအနေဖြင့် အခြားသူများအား ပေးထားသည့်ကတိများကို တည်စေလိုပါက မိမိကိုယ်တိုင် ယင်းကဲ့သို့ လိုက်နာရမည်ဖြစ်သည်။ တာဝန်ခံမှုလမ်းကြောင်း၌ မိမိကိုယ်တိုင် ရှေ့မှ ဦးဆောင်လျှောက်ပြရမည်ဖြစ်ပြီး တာဝန်ခံမှုရှိရန် ပါးစပ်မှတတွတ်တွတ် ပြောနေခြင်းကား အလုပ်မဖြစ်ပေ။ မိမိအဖွဲ့အစည်း၏ အောင်မြင်မှုများကို ခံစားသကဲ့သို့ပင် မိမိအဖွဲ့အစည်း၏ ကျရှုံးမှုများအတွက် မိမိကိုယ်တိုင် တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ခံမှုသည် မည်သည့်အလုပ်မဆို၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီးသားဖြစ်နေရာ ရှောင်လွှဲရန်ကြိုးပမ်းပါက အဖွဲ့အစည်း၏ နဂိုရှိနှင့်ပြီးသား တာဝန်ခံမှုအဆင့်အတန်းကိုပါ ကျဆင်းစေလိမ့်မည်ဖြစ်သည်။

တာဝန်ခံမှုမရှိသူများကို မှားယွင်းနေသည့်အရာများကို တွက်ချက်ဖော်ထုတ်စေကာ ယင်းတို့အား မည်သို့ပြင်ဆင်မည်နည်းဟု မေးမြန်းရမည်ဖြစ်သည်။ တာဝန်ခံမှုဟူသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား အဆုံးအဖြတ်ပေးသော အရာဖြစ်သည်ကို နားလည်သဘောပေါက်စေရမည်ဖြစ်သည်။ မိမိအနေဖြင့် လူများကို တာဝန်ခံကြရန် ပြောနေရုံသက်သက်ဖြင့်မရပါ။ ၎င်းတို့အား ပြန်လည်စစ်ဆေးသုံးသပ်မှုများ အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၌ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းထားပေးနိုင်ရန်လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်ဖြစ်စေအဖွဲ့အစည်းတစ်ရပ်၌ ဖြစ်စေတာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာအောင် တည်ဆောက်ခြင်းက ယင်းအစိုးရနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် စကားပြောပေလိမ့်မည်။

သို့ဖြစ်ရာ ကောင်းသောအုပ်ချုပ်ရေးအတွက် တာဝန်ခံမှုရှိခြင်းသည် အရေးအကြီးဆုံးသော အချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မေ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent