မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့ရန် ဆွေးနွေးခဲ့ပြီး မကြာမီ ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့ရန် ဆွေးနွေးခဲ့ပြီး မကြာမီ ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ပြောကြား
မန်းဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကုန်တင်ကားများကို တွေ့ရစဉ်
မန်းဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကုန်တင်ကားများကို တွေ့ရစဉ်
Published 26 May 2020
ပြည့်စုံ (မူဆယ်)

COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ်နိုင်ငံဘက်က ချမှတ်ထားတဲ့ ကန့်သတ်ချက်များနှင့် တင်းကျပ်မှုအချို့ကို ဖြေလျော့ပြီး မျှတသည့် ကုန်သွယ်ရေးစနစ ်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်စည်းပေါ်၌ မေ၂၁ ရက်က ရှမ်းပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချိုင်းခရိုင် ဒုမြို့တော်ဝန်အဖွဲ့တို့ မြန်မာ-တရုတ် နယ်စပ်ဂိတ်အကြား မျှတသည့် ကုန်သွယ်ရေး ဖော်ဆောင်ရန် ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချိုင်းခရိုင် ဒုမြို့တော်ဝန်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

“ကန့်သတ်ချက်တွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့ပေးဖို့နဲ့ COVID ကာလနဲ့ COVID အလွန်ကာလတွေမှာ နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်နိုင်ဖို့ ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ မကြာမီ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

“ဆွေးနွေးချက်ကို နှစ်နိုင်ငံ ပြည်ထောင်စု ဗဟိုအစိုးရကို တင်ပေးဖို့ သဘောတူညီပြီး လက်မှတ်ရေးထိုးကြတယ်။ ချင်းရွှေဟော်ဘက်က ကုန်သွယ်မှုက အကျဘက် လိုက်လာတယ်။ ကြံကားလောက်သာ ပေးဖြတ်တယ်။ ကြံရာသီပြီးတော့ စည်းကမ်းတင်းကြပ်မှုတွေ အရမ်းများနေတဲ့ သဘောပေါ့။ သူတို့ဘက်က ကားလာမောင်းတယ်။ ကားတွေပုံလိုက်လာတဲ့ ဒေသခံတွေ ပြောပြချက်အရ မြန်မြန်ဆန်ဆန် ဒါတွေကိုဖြေ‌လျော့ပေးဖို့နဲ့ COVID-19 ကာလကော COVID-19 လွန်ကာလတွေမှာ နှစ်နိုင်ငံ စီးပွားရေးကို မြှင့်တင်ဖို့ နယ်စပ်ကုန် သွယ်ရေးဇုန်တွေအတွက် ဆွေးနွေးဖြစ်တယ်။ မူဆယ်မှာလည်း ကျွန်တော်တို့ အပါအဝင် တရုတ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးက သံမှူးတွေနဲ့ တရုတ်နိုင်ငံ တယ်ဟုန်းပြည်နယ်က တာဝန်ရှိသူတွေ မကြာမီ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်” ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ဆက်လက်ပြောကြားသည်။

လက်ရှိအနေအထားအရ နှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း မြန်မာ တရုတ် နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍများမှာ တရုတ်နိုင်ငံဘက်က COVID-19 ရောဂါ အကြောင်းပြချက်ဖြင့် ကုန်သွယ်ရေး မညီမျှမှုများ ရှိနေကြောင်း နယ်စပ်ကုန်သည်များက ဆိုသည်။

ကုန်စည်စီးဆင်းမှု အနေအထားမှာ ယခင်ကာလကထက် လျော့ကျသွားပြီး စျေးကွက်မှာ တရုတ်နိုင်ငံဘက်သို့ ရောက်သွားကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

“ကုန်စည်စီးဆင်းမှု အနေအထားက အရင်ကာလထက် တော်တော်လေး လျော့သွားတယ်။ COVID-19 ရောဂါဖြစ်တော့ စျေးကွက်က သူတို့ဘက် ရောက်သွားတယ်။ အသီးဆိုလည်း သူတို့ဘက်မှာ သွားရောင်းရတယ်။ မလိုလားတဲ့ ဆုံးရှုံးမှုတွေနဲ့လည်း ဆုံးရှုံးနေတယ်။ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့  အမြဲတောင်းဆိုနေတယ်။ ဥပမာပြောရရင် ပြောင်း၊ ဆန်၊ သကြားတွေကို ကိုတာစနစ်နဲ့ မသွားဘဲနဲ့ အသီးလို လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့်ရမယ်ဆိုရင် နှစ်ဘက်နေ ကုန်သည်တွေ ပြည်သူတွေ တောင်သူတွေ အကျိုးရှိမှာပါ။ ဒီကိုတာစနစ်ကို ဖျောက်ပစ်ပြီး လွတ်လပ်စွာ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လွတ်လွတ်လပ်လပ် ရောင်းဝယ်မှုလုပ်လို့ရမှ အရောင်းအဝယ်လည်း ပြန်တက်မယ်။ ကုန်သွယ်မှုလည်း ဒီထက်ပိုကောင်းလာ မြန်ဆန်လာလိမ့်မယ်။ ပြီးတော့ နှစ်နိုင်ငံ ပြည်သူတွေ တောင်သူတွေ အတွက်ကော အကျိုးရှိလိမ့်မယ်။ နယ်စပ်မှာ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်ဆိုတာ လူကြီးတွေအားလုံး သိပါတယ်။ ဒီကိစ္စကို စိတ်တူကိုယ်တူအားလုံး ၀ိုင်းဝန်းပြီး တွန်းမယ်ဆိုရင်တော့ အရွေ့တစ်ခုရွေ့ပြီး ကောင်းတဲ့ဘက်ကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မူဆယ်-နမ့်ခမ်း ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၆ ရက်ကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံး အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ စီမံကွပ်ကဲမှု အဖွဲ့အစည်း၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (Department of International Cooperation of the General Administration of Customs of China - GACC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အာရှရေးရာဌာန (Department of Asian Affairs of the Ministry of Commerce of People Republic of China - MOFCOM) တို့အား ဆက်သွယ်ညှိနှိုင်း အကြောင်းကြားခဲ့ကြောင်း သိရသည်။

အလားတူ မေ ၂၀ ရက်တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ယူနန်ပြည်နယ် စီးပွားရေး ဌာနတို့အကြား ပြည်နယ်အဆင့် တွေ့ဆုံမှုပြုလုပ်၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လွယ်ကူလျင်မြန် ချောမွေ့စေရေး ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent