ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည့်နေ့ရက်ကို ယခုရက်သတ္တပတ်အတွင်း အတည်ပြုနိုင်ဖွယ်ရှိပြီး စပါး-မန်ယူပွဲဖြင့် ဖွင့်လှစ်ဖွယ်ရှိဟု The Sun ဖော်ပြ

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည့်နေ့ရက်ကို ယခုရက်သတ္တပတ်အတွင်း အတည်ပြုနိုင်ဖွယ်ရှိပြီး စပါး-မန်ယူပွဲဖြင့် ဖွင့်လှစ်ဖွယ်ရှိဟု The Sun ဖော်ပြ
Photo : Getty Images
Photo : Getty Images
Published 26 May 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းနေမှုမှာ တိုးတက်မှုများရှိလာပြီး ပြန်စမည့်နေ့ရက်ကို ယခုရက်သတ္တပတ်အတွင်း အတည်ပြုနိုင်ဖွယ်ရှိနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများစွာက ဖော်ပြနေကြသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတာဝန်ရှိသူများသည် မူလက ဇွန် (၁၂)တွင် ပြိုင်ပွဲပြန်လည်စတင်ရန် ပစ်မှတ်ထားခဲ့ကြသော်လည်း ယင်းနေ့ရက်တွင် ကျင်းပနိုင်ရန်မှာမူ ဖြစ်နိုင်ခြေနည်းနေကြောင်း သိရသည်။

ကလပ်အသင်းအချို့က လေ့ကျင်ပြင်ဆင်ချိန် လုံလုံလောက်လောက်ရရှိလိုသောကြောင့် ဇွန်လ နောက်ဆုံးပတ်မှသာ ပြိုင်ပွဲပြန်စရန် လိုလားနေကြသည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အသင်းများမှာ လက်ရှိအချိန်အထိ အသင်းလိုက် လူအင်အားအပြည့် လေ့ကျင့်နိုင်ခြင်းမရှိသေးသော်လည်း အင်္ဂါနေ့တွင် ပြုလုပ်မည့် အစည်းအဝေး၌ ယင်းအတွက် သဘောတူညီမှု ရရှိဖွယ်ရှိနေပြီး လာမည့်ကြာသပတေးနေ့၌ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် အသေးစိတ်အချက်အလက်များကို ညှိနှိုင်းဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Sky Sports က ဖော်ပြခဲ့သည်။

လက်ရှိဆွေးနွေးမှုများအရ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် ဖြစ်နိုင်ခြေအရှိဆုံးမှာ ဇွန်(၁၉) သို့မဟုတ် ဇွန် (၂၆)ဖြစ်သည်ဟုလည်း ဗြိတိန်မီဒီယာများက ထင်မြင်ချက်ပေးနေကြသည်။

The Sun သတင်းစာကမူ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်လျှင် စပါး-မန်ယူပွဲကို ပထမဆုံးပွဲအဖြစ် ရွေးချယ်ကာ ဖွင့်လှစ်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့သည်။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ်(၂၉)အပြီးတွင် ရပ်နားခဲ့ရခြင်းဖြစ်ပြီး ယခုပွဲစဉ် (၃၀)ဖြင့် ပြန်လည်စတင်ရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ပွဲကြီးပွဲကောင်းအဖြစ် စပါး-မန်ယူ၊ အဲဗာတန်-လီဗာပူးလ်ပွဲများရှိနေပြီး ပရိသတ်စိတ်အဝင်စားဆုံးပွဲဖြင့် ဖွင့်လှစ်လိမ့်မည် ဟု The Sun က ယူဆနေခြင်းလည်းဖြစ်သည်။ လာလီဂါတွင် လည်း ဆီဗီလာ-ဘက်တစ် ဒါဘီပွဲဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent