COVID-19 ရောဂါကြောင့် နိုင်ငံတော်၏လိုငွေကို ဖြည့်ဆည်းရန် ချေးငွေဒေါ်လာသန်း ၇၀၀ ရယူမည့်ကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ အသေးစိတ်တွက်ချက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

COVID-19 ရောဂါကြောင့် နိုင်ငံတော်၏လိုငွေကို ဖြည့်ဆည်းရန် ချေးငွေဒေါ်လာသန်း ၇၀၀ ရယူမည့်ကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ အသေးစိတ်တွက်ချက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 May 2020
ပြည့်ဖြိုးအောင်

COVID-19 ရောဂါကြောင့် နိုင်ငံတော်၏ လိုငွေအားဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့(IMF) ထံမှ ချေးငွေဒေါ်လာသန်း ၇၀၀ ရယူမည့် ကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ အသေးစိတ် တွက်ချက်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

မေ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သော နိုင်ငံတော်၏လိုငွေ အားဖြည့်ဆည်းရန်အတွက် IMF ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးနှင့် ပတ်သက်၍ဆွေးနွေးရာတွင် ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ယင်းကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ချေးငွေရယူအကြောင်းပြချက်မှာ COVID-19 ရောဂါ အသုံးစရိတ်၊ CERP ရေးဆွဲရန်၊ အခွန်အကောက် ထိခိုက်နိုင်ခြင်း၊ သဘာဝဓာတ်ငွေ့ရောင်းငွေ လျှော့ချနိုင်ခြင်း၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ထိခိုက်ခြင်းတို့ကို ဖော်ပြထားသဖြင့် ယေဘုယျ အကြောင်းပြချက်များသာဖြစ်ကြောင်း ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

“ အခွန်အကောက်က ယခုနှစ်ဘတ်ဂျက်အတွက် ဘယ်လောက်လျှော့ကျသွားမှာလဲ။ သဘာဝဓာတ်ငွေ့ရောင်းငွေ ဘယ်လောက်လျှော့ကျသွားမှာလဲ။ အခြားထိခိုက်မှုတွေရော သိရှိသေးသလား။ ပွင့်လင်းမြင်သာမှုရှိရန် အသေးစိတ် ပြန်လည်တွက်ချက်ပေးသင့်ပါတယ်” ဟု  ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မထိခိုက်ရန် ချေးငွေရပါက မည်သည့်စီမံချက်များနှင့် ဆောင်ရွက်မည်၊ ကဏ္ဍအလိုက်မည်မျှသုံးစွဲမည်ကို အသေးစိတ်ရှင်းပြရန်လိုကြောင်း ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ဆိုသည်။

“ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို မချေးယူခင်ကတည်းက ဘယ်လို ခေါင်းစဉ်တွေအောက်က ဆွေးနွေးမယ်။ ဘာစီမံချက်တွေနဲ့ အကောင်အထည်ဖော်မယ်ဆိုတာ အသေးစိတ်ရှင်းပြစေလိုပါတယ်။ ကြွေးမြီခံနိုင်ရည်စံနှုန်းဖြစ်တဲ့ ပြည်တွင်း ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၄၀ ရာခိုင်နှုန်းအထက် မကျော်လွန်ဖို့ လိုအပ်သလို ပြည်ပကြွေးမြီနဲ့ GDP အချိုး ၃၀ ရာခိုင်နှုန်းအထက် မကျော်လွန်ဖို့ကိုလည်း စီမံထိန်းသိမ်းသင့်ပါတယ်” ဟု ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

ယခင်နှစ်က ချေးငွေရယူပြီး လိုငွေကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည့် ဝန်ကြီးဌာနများ အသုံးမပြု၍ ပြန်လည်အပ်သော ငွေများအပေါ် အတိုး၊ အရင်းပြန်လည် ပေးဆပ်နေရမည်ဖြစ်သဖြင့် ကြွေးမြီခံနိုင်ရည်စံနှုန်းကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းညှိစေလိုကြောင်း ၎င်းက ပြောကြားသည်။

“၂၀၂၁မှာ စီးပွားရေးကျိန်းသေ ပြန်ကောင်းလာမှာလား။ စီးပွားရေး ဦးမော့မလာရင်ရော ဘာတွေဆက်လုပ်မှာလဲ။ ငွေထပ်ကြေးဦးမှာလား စတာတွေကြိုတင်စဉ်းစားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံတော်ဘတ်ဂျက်ဟာ ချေးငွေပြန်ဆပ်ရရုံအတွက်နဲ့သာ လုံးချာလည်နေမှာလားလို့ စိုးရိမ်မိပါတယ်’ ဟု  ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

COVID-19 စီးပွားရေးပျက်ကပ်သည် ၂၀၀၈ ခုနှစ် စီးပွားရေးကျဆင်းမှုထက် ရှစ်ဆမှ ဆယ်ဆခန့် ပိုမိုဆိုးရွားနိုင်ခြင်း၊ ၁၉၃၀ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ထက်လည်း ပိုမိုကြီးမားနိုင်ခြင်းကြောင့် ၂၀၂၀ ကို Greatest Depression အဆိုးဆုံးစီးပွားရေး ပျက်ကပ်ဖြစ်လာမည်ဟု စီးပွားရေးပညာရှင်အများအပြားက တွက်ဆခဲ့ကြောင်း ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်က ပြောကြားသည်။

Most Read

Most Recent