လူနှစ်ဦးက တူညီသည့် အရာဝတ္ထုကိုပင် ကြည့်ကြသည်။ သို့သော် ပြန်လည်ဖွင့်ဆို ပုံချင်း ခြားနား၏။ ယင်းမှာ ရှုထောင့်ကွဲပြားခြင်းကြောင့်ပင် ဖြစ်၏။ ဒဿနိကဗေဒတွင် ရှုထောင့်သည် ရှုမြင်ပုံ သို့မဟုတ် တွေးတောပုံနှင့် သက်ဆိုင်သော သဘောထားတစ်ရပ် ဖြစ်၏။ ‘‘ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရကတော့ ...’’စသဖြင့် ဆိုတတ်ကြသည်။ ယင်း တွင် အဓိပ္ပာယ်အရ ‘ရှုထောင့်’ (Point of View) ဟူသည် ‘သဘောထားအမြင်’ (Perspective) နှင့် အနက်တူ စကားလုံးပင်ဖြစ်သည်။ ယင်းအသုံးအနှုန်းကို ၁၇၆၀ ခုနှစ်က စတင်သုံးစွဲခဲ့သည်ဟူသည့် အထောက်အထားများရှိသည်။ Point of View ဟူသည့် သဘောတရားသည် အမှန်တကယ်၌ အဓိပ္ပာယ်အမျိုးမျိုးဆောင်ပြီး ဒွိဟသဘောလည်း သက်ရောက်နေသည်။ များစွာသောအရာတို့ကို တစ်သီးပုဂ္ဂလဆန်သော၊ အစဉ်လာအ တိုင်းဖြစ်သော၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော ရှုထောင့်များမှနေ၍ အကဲဖြတ်လေ့ရှိ တတ်ကြသည်။ ‘‘အလှတရားသည် ကြည့်သူနှင့်သာ ဆိုင်သည်’’ဟူသည့် သဘောပင်။ အရှိတရားနှင့်ပတ်သက်သည့် လူသားတို့၏ သိမှုသည် သက်ဆိုင်ရာရှုထောင့်တစ်ရပ်ရပ် နှင့် ဆက်နွှယ်နေလျက် ရှိနေတတ်သည်။
Vázquez Campos နှင့် Manuel Liz Gutierrez တို့သည် Point of View ဟူသည့် သဘောတရားကို ချဉ်းကပ်ပုံနှစ်ရပ်ကို အသုံးပြုလျက် သုံးသပ်လေ့လာခဲ့ကြသည်။ ချဉ်း ကပ်ပုံတစ်ရပ်သည် ‘‘ကြိုတင်ရှိနှင့်နေပြီးသား သဘောထား’’ပေါ် အခြေပြုပြီး အခြားချဉ်း ကပ်ပုံမှာမူ ‘‘ရပ်တည်ရာနှင့် ရှုမြင်ရာ သဘောတရား’’ကို အခြေပြုသည်။ Vázquez Campos နှင့် Manuel Liz Gutierrez တို့သည် ၎င်းတို့၏ စာတမ်းဖြစ်သည့် The Notion of Point of View တွင် ယင်းသဘောတရား၏ ဖွဲ့စည်းပုံအပေါ် ပြီးပြည့်စုံသည့် သုံးသပ် လေ့လာမှုများ ပြုလုပ်ပြခဲ့သည်။
ကြိုတင်ရှိနှင့်နေပြီးသား သဘောထား - ရှုထောင့်တစ်ရပ်၏ အတွင်းပိုင်းဖွဲ့စည်းပုံသည် ကြိုတင်နေရာယူထားပြီးသား သဘောထားသာ ဖြစ်နေတတ်သည်။ တစ်စုံတစ်ရာ အပေါ် ယုံကြည်သက်ဝင်ခြင်း၊ တစ်စုံတစ်ရာကို လိုလားခြင်း၊ တစ်စုံတစ်ရာကို တွေးထင် ထားခြင်းနှင့် တစ်စုံတစ်ရာကို အမှတ်ရခြင်းတို့ကဲ့သို့သော အရာများက စိတ်ကို လွှမ်းမိုး ချုပ်ကိုင်ထားမှုသည် အဆိုပြုချက်တစ်ရပ်ဆီ ဦးတည်သွားစေသည့် သဘောဖြစ်သည်။ Vázquez Campos နှင့် Manuel Liz Gutierrez တို့က ယင်းရှုထောင့်များကို ကြိုတင်ရှိနှင့်နေပြီးသား သဘောထားအစုံစုံဖြင့် ဖွဲ့စည်းထားမှုအဖြစ် ရှုမြင်နိုင်ကြောင်း ထောက်ပြခဲ့ကြသည်။ ၎င်းတို့သည် Christopher Peacocke ၏ ‘‘အာရုံခံမှုနှင့် အကြောင်းအရာ (Sense and Content) အပေါ် ကောက်ချက်ဆွဲယူထားခြင်းဖြစ်သည်။ ယင်းချဉ်းကပ်ပုံအတွင်း၌ လူတစ်ဦးသည် တစ်သီးပုဂ္ဂလလူသားနှင့် အသားတင်ရှုထောင့်၊ ပုဂ္ဂိုလ်ရေးဆန် ခြင်းနှင့် မဆန်ခြင်း၊ သဘောတရားဆန်ခြင်းနှင့် မဆန်ခြင်းတို့ကဲ့သို့သော ခြားနားချက်အမျိုးမျိုးနှင့် သက်ဆိုင်သည့် ယထာဘူတကျမှုဆိုင်ရာ အမျိုးအစားများကို တွက်ဆကြည့် တတ်ကြသည်။
ရပ်တည်ရာနှင့် ရှုမြင်ရာ သဘောတရား - ကြိုတင်ရှိနှင့်နေပြီးသား သဘောထား က ရှုထောင့်တစ်ရပ်အား အတွင်းပိုင်းကျကျ ချဉ်းကပ်သော်လည်း ရပ်တည်ရာနှင့် ရှုမြင်ရာ သဘောတရားသည် ရှုထောင့်တစ်ရပ်၏ အပြင်ပန်းဆိုင်ရာနှင့် အခန်းကဏ္ဍကို ချဉ်းကပ်သည်။ Liz Gutierrez ၏ ‘‘ ရှုမြင်ရာ’’ဟူသည့် စကားရပ်သည် ရှုထောင့် သို့မဟုတ် အမြင် များအနေဖြင့် ကမ္ဘာလောကကြီးနှင့် မိမိကိုယ်တိုင်အပေါ် ရှုမြင်ပုံနည်းလမ်းကို ရည်ညွှန်း ပြီး ‘‘ရပ်တည်ရာ’’ဟူသည့် စကားရပ်သည် Jon Moline ၏ အဆိုဖြစ်သော ‘‘ရှုထောင့် များသည် သက်ဆိုင်ရာ ရပ်တည်ရာနေရာများမှနေ၍ အရာဝတ္ထုများနှင့် ဖြစ်ရပ်များကို ရှုမြင်ပုံနည်းလမ်းများ ဖြစ်ကြသည်’’ဟူသည့်အဆိုကို ကိုယ်စားပြုသည်။ Moline က ရှုထောင့်များကို သီအိုရီအချို့၊ နီတိအချို့ သို့မဟုတ် တရားသေယူဆချက်အချို့တို့အပေါ် အခြေခံသည့် စည်းမျဉ်းအချို့အဖြစ် ချုံ့ပစ်နိုင်သည်ဟူသည့်အဆိုကို ပယ်ချခဲ့သည်။ Moline က ‘‘ရပ်တည်ရာ’’ဟူသည့် သဘောတရားကို နည်းလမ်းနှစ်ရပ်ဖြင့် သတ်မှတ်ခဲ့ သည်။ တိုက်ရိုက်နည်းလမ်းအဖြစ် ‘‘ရပ်တည်ကြည့်မြင်ရာ နေရာ’’အဖြစ် သတ်မှတ်ပြီး ချဲ့ထွင်ထားသည့်နည်းလမ်းအဖြစ် ‘‘အမြင်တစ်ရပ်ကို ဖြစ်ပေါ်စေသည့် (တွေးမြင်ယူဆ ချက်အပေါ် သြဇာလွှမ်းမိုးသည့်) ရပ်တည်ရာ’’အဖြစ် သတ်မှတ်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ကြိုတင်ရှိနှင့်နေပြီးသား သဘောထားများသည်လည်းကောင်း၊ ရပ်တည်ရာနှင့် ရှုမြင်ရာတို့သည်လည်းကောင်း ကွဲပြားခြားနည်းသည့် ရှုထောင့်များကို ဖြစ်ပေါ်စေနိုင်သည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








