ICJ ၌ တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ရှေ့နေငှားရမ်းခြင်း၊ သီးသန့်တရားသူကြီးငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းအပါအဝင် ညှိနှိုင်းအစည်းအဝေးများအတွက် ကုန်ကျရန်ရှိသည့် အသုံးစရိတ်လိုငွေ ကျပ်သန်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံထား

ICJ ၌ တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ရှေ့နေငှားရမ်းခြင်း၊ သီးသန့်တရားသူကြီးငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းအပါအဝင် ညှိနှိုင်းအစည်းအဝေးများအတွက် ကုန်ကျရန်ရှိသည့် အသုံးစရိတ်လိုငွေ ကျပ်သန်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံထား
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တက်ရောက်ရှင်းလင်းပြောကြားစဉ် ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တက်ရောက်ရှင်းလင်းပြောကြားစဉ် ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
Published 21 May 2020
အောင်မင်းသိန်း

ICJ တွင် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းရာ၌ ကျွမ်းကျင်ပညာရှင် ရှေ့နေ များငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းများ အပါအဝင် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း စသည့် ကုန်ကျရန်ရှိသည့် အသုံးစရိတ်များအတွက် လိုငွေ ကျပ်သန်း ၆၈၀ အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံထားကြောင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် စာရင်းများအရ သိရသည်။

မေ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ -၂၀၂၀  ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာများကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများ ဖတ်ကြားတင်ပြခဲ့သည်။

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ကျွမ်းကျင်သည့် ပြည်ပညာရှင် ရှေ့နေငှားရမ်းခြင်း၊ မြန်မာဘက်မှ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်း၊ အမှုကြားနာရင်ဆိုင်ရန် ပြင်ဆင်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ စေလွှတ်ခြင်း၊ ကျွမ်းကျင်ဘာသာပြန်များ ငှားရမ်းခြင်းနှင့် ဥပဒေအကြံဉာဏ်ရယူရေး၊ ပြည်တွင်းပြည်ပ ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း စသည့်ကုန်ကျရန်ရှိသည့် အသုံးစရိတ်များအတွက် လိုငွေ ကျပ်သန်း ၆၈၀ အား ဖြည့် စွက်ခွင့်ပြုငွေအဖြစ် တောင်းခံရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် စာရင်းတွင် ဖော်ပြပါရှိသည်။

အထက်ပါကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် စာရင်း (သာမန်အသုံးစရိတ်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် တောင်းခံထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် စာရင်းများအရ သိရသည်။

“ICJ က မနှစ်က ဒီဇင်ဘာမှာ ဖြစ်သွားတာ။ မနှစ်က ဒီဇင်ဘာမှာသွားကြတာ။ မနှစ်က ဒီဇင်ဘာဆိုတာက ဒီဘတ်ဂျက်ထဲမှာ ၁၉ -၂၀ ဘတ်ဂျက်ထဲမှာပဲ။ အဲဒီတော့ပြောရရင် ၁၉-၂၀ မူလဘတ်ဂျက်မှာ ICJ အတွက် လုံးဝလျာထားတာ မရှိဘူး” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားသည်။

ICJ တွင် ဖြေရှင်းရန် ဖြစ်ပေါ်လာသည့် အချိန်တွင် ဝန်ကြီးဌာနက ၎င်းတွင်ရှိသည့် အသုံးစရိတ်များထဲမှ ထုတ်သုံးရမည်ဖြစ်ပြီး ယင်းသို့ထုတ်သုံးသည့်အတွက် ပုံမှန်သုံးရမည့် ပိုက်ဆံများ လိုသွားကြောင်း ဦးအောင်မင်းက ပြောကြားသည်။

“ပုံမှန်သုံးစရာပိုက်ဆံမရှိတော့ဘူး။ သူ့ဆီမှာ။ ကျွန်တော်နားလည်တာတော့ ပုံမှန်သုံးစရာပိုက်ဆံ သူ့ဆီမှာ မရှိတော့ဘူး။ အဲဒီတော့ သုံးတဲ့အချိန်တုန်းကတော့ ဒီအချိန်မှာ သူက ရှိတဲ့ပိုက်ဆံကို သူသုံးသွားတာပါပဲ။ ရှိတဲ့ပိုက်ဆံကို သူသုံးသွားတယ်။ သုံးတဲ့အချိန်မှာ ပုံမှန်လုပ်ငန်းတွေအတွက် သုံးစရာသူမရှိတော့ဘူး။ မရှိတဲ့အတွက် သူကတောင်းတာ။ တောင်းတဲ့အခါမှာ ရှင်းလင်းချက်ပေးရတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။

ဝန်ကြီးဌာနအား ပုံမှန်လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်စကတည်းက လုံလောက်အောင် ပေးထားပြီးဖြစ်သော်လည်း ICJ အတွက် အရေးပေါ်သုံးလိုက်ရခြင်းကြောင့် ပြန်လည်တောင်းခံသည့် သဘောဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။

“သူ့ရှင်းလင်းချက်ကတော့ သူတို့ ရေးတက်သလိုရေးတာပေါ့။ ကျွန်တော်တို့ နားလည်တာတော့ အဲဒီလို နားလည်လိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီဟာကို တက်နိုင်သမျှ စိစစ်ပြီးတော့ ပေးတာပဲရှိပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။

လက်ရှိ ဘတ်ဂျက်နှစ်ထဲတွင် ရှိနေသေးပြီး ICJ ကိစ္စ ပေါ်လာသောကြောင့် မူလဘတ်ဂျက်ထဲမှ သုံးလိုက်ရသည့်အတွက် ပုံမှန်လုပ်ငန်းတွင် သုံးစရာလျော့နည်းသွားကြောင်း ဦးအောင်မင်းက ပြောကြားသည်။

“လျော့နည်းသွားတဲ့အတွက် ပုံမှန်လုပ်ငန်းကို ပြန်ဖြည့်ဖို့ရှိတယ်။ အဲဒီတော့ ပြန်ဖြည့်ဖို့ရှိတဲ့အချိန်မှာ သူက အကြောင်းပြတယ်။ ဒီဟာကဒါကြောင့်ပဲ။ နို့မို့ရင် ကျွန်တော်တို့က မေးမယ်။ မင်းကို ပုံမှန်အတွက် တစ်နှစ်စာ ပေးထားပြီးပြီ။ ဘာကြောင့် ဒီဟာထပ်လိုတာလဲလို့ မေးတဲ့အနေအထားမျိုး မဖြစ်ရအောင် သူကဟုတ်တယ်၊ ဒါတော့ ICJ မှာ သုံးခဲ့တဲ့ အသုံးစရိတ်တွေရှိတယ်။ အဲဒီအသုံးစရိတ်တွေအတွက် တောင်းခံပါတယ်ဆိုပြီးတော့ သူကဒီလိုလာတာပဲလေ။ အဲဒီတော့ ကျွန်တော်တို့က သုံးပြီးသားအသုံးစရိတ်တွေ၊ ဘာတွေ၊ ဒီဟာကတော့ ဆက်စပ်လည်း ရှိနေသေးတယ်လေ။ Report တွေ တင်ဖို့တွေ၊ ဘာညာရှိနေသေးတယ်ဆိုတော့ ကျွန်တော်တို့ဆီတင်တဲ့ ရှင်းလင်းချက်မှာတော့ ဒါသုံးစွဲရန်ရှိပါတဲ့အတွက် ပေးပါရန်ဆိုတော့ အဲဒါကြောင့် ပေးလိုက်တာပါပဲ” ဟု ဦးအောင်မင်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ်အပြည်ပြည် ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရေး နိုင်ငံတော်အကြီးအကဲများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ ရှေ့ပြေးကြိုတင်ရောက်ရှိနေရခြင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ရောက်ရှိစဉ် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီပေးနိုင်ရန် မြန်မာသံရုံး ဘရပ်ဆဲမြို့မှ သံအမတ်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ၊ နယူးယောက်မြို့နှင့် ဂျီနီဗာမြို့များမှ ဘာသာရပ်ဆိုင်ရာ  အရာရှိများသည် နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့သို့ ရှေးပြေးအဖြစ် ကြိုတင်ရောက်ရှိနေရခြင်း၊ ရက်ရှည်သွားရောက်နေထိုင်ရခြင်း၊ ယင်းတရားစွဲဆိုမှုနှင့်ဆက်စပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီးနှင့် ဘာသာရပ်ဆိုင်ရာ အရာထမ်းများသည် ဘရပ်ဆဲလ်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ မကြာခဏ ခရီးသွားရောက်ရခြင်း၊ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံခြားသို့ အစည်းအဝေးတက်ရောက်နိုင်ခြင်း မရှိသည့် ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာသံရုံးများမှ ကိုယ်စားလှယ်များက သွားရောက်တက်ရောက်ရခြင်း၊ နှစ်စဉ်ပေးချေရသည့် ခရီးစရိတ်ကုန်ကျငွေများနှင့် လေလံပစ္စည်းသယ် ယူစရိတ်ကုန်ကျငွေနှုန်းထားများ မြင့်မားလာခြင်း၊ သံအမတ်ကြီးများ ပူးတွဲတာဝန်ထမ်း ဆောင်ရသော နိုင်ငံများတွင် သံအမတ်ခန့် အပ်လွှာများ သွားရောက်ပေးအပ်ခြင်းများ၊ နိုင်ငံအချင်းချင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းများ (Cross Transfer)အတွက် ကုန်ကျရန်ရှိမည့် ခရီးစရိတ်ကုန်ကျငွေနှင့် လေလံပစ္စည်း သယ်ယူစရိတ်များ စသည့်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံထားကြောင်း ဝန်ကြီးဌာနက တင်ပြထားသည့် စာရင်းတွင် ဖော်ပြပါရှိသည်။

ထို့ပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း ပရပ်မြို့နှင့် ဟာဗနားမြို့များတွင် မြန်မာသံရုံးနှစ်ရုံး ထပ်တိုးလာ၍ သံတမန်ချောအိတ်များ ပေးပို့ရသည့်နိုင်ငံများ တိုးတက်လာခြင်း၊ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရာတွင် သယ်ယူပို့ဆောင်စရိတ်များ၊ သံတမန်များအား နယ်လှည့်ပြသခြင်းနှင့် ပြည်တွင်းခရီးစဉ်များ၊ ၁၄ ကြိမ်မြောက် ARF အစည်းအဝေး၊ ၁၇ ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲ၊ ၅၃ ကြိမ်မြောက် အာဆီယံအခမ်းအနားများတွင် ကုန်ကျရန်ရှိသည့် အသုံးစရိတ်များအတွက် လိုငွေ ကျပ်သန်း ၅၀  အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်ခံခြင်းများလည်း ပါဝင်နေသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြထားသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းပါ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ စာရင်းချုပ်သည် ကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလျံဖြစ်ပြီး နိုင်ငံခြားဝန်ကြီးဌာန၏ ဖြည့် စွက်တောင်းခံငွေသည်  သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်မှ သာမန်သုံးငွေ ကျပ် ၄၃၇၇ ဒသမ ၂ သန်းနှင့် ထောက်ပံ့ငွေ ကျပ်သန်း ၂၂၀၊ စုစုပေါင်း ကျပ် ၄၅၉၇ ဒသမ ၂ သန်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

 

Most Read

Most Recent