နယူးယောက်မြို့နှင့် အမေရိကန်ပြည်ထောင်စုတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အမြင့်ဆုံးရောက်နေချိန်တွင် USA Today အယ်ဒီတာအဖွဲ့က ဧပြီလ ၈ ရက်၌ တွေ့ဆုံမေးမြန်းခဲ့စဉ် ဟားဗက်တက္ကသိုလ်၊ ကူးစက်ရောဂါဗေဒဌာနပါမောက္ခ ဒေါက်တာမက်လစ်ဆစ်က “ကျွန်တော်တို့ဟာ လူနာတွေရဲ့ ဆယ်ပုံတစ်ပုံ၊ ဒါမှမဟုတ် ငါးပုံတစ်ပုံလောက်ပေါ်မှာ အခြေပြု စုံစမ်းကြပြီး အနီးစပ်ဆုံး ဖြစ်တန်ရာကို ခန့်မှန်းကြတာ။ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားဆိုတာကလည်း လူနာပေါင်းများစွာ တွေ့ပြီးမှ ထွက်ပေါ်လာတာမျိုးပဲ။ နိုင်ငံအတွင်း လူအများစုဟာ ရောဂါပိုး ကူးစက်ခံရနိုင်တုန်းပဲဆိုတဲ့ အမြင်အရကတော့ ကျွန်တော်တို့ဟာ အခုမှ အစလောက်ပဲရှိသေးတယ်။ အခုလုပ်ထားတဲ့ ကန့်သတ်ချက်အမျိုးမျိုးဟာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ပန်းတိုင်တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ လက်ငင်းလူနာတိုးမလာအောင်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ဘောင် ကျော်မသွားအောင် လုပ်ထားနိုင်တာမျိုးပါ” ဟု ပြောကြားခဲ့ဖူးသည်။
ယခုအခါ လက်တင်အမေရိကသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နှင့် ဥရောပတို့ကို ကျော်ပြီး COVID-19 ဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်လာမှုနှင့်အတူ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက်သည် မေ ၂၀ ရက်တွင် ငါးသန်းကျော်အထိ ရှိလာပြီဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဗိုင်းရပ်စ်ကူးစက်မှုများတွင် လက်တင်အမေရိကမှ သုံးပုံးတစ်ပုံ ပါဝင်ပြီး ဥရောပနှင့် အမေရိကန်တို့မှ ၂၀ ရာခိုင်နှုန်းကျော်စီ ပါဝင်ခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအတွက်သည် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ကို မကြာသေးမီက ကျော်တက်ခဲ့ပြီး အမေရိကန်နှင့် ရုရှားပြီးလျှင် ကမ္ဘာတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တတိယအများဆုံးနိုင်ငံ ဖြစ်လာတော့မည်ဖြစ်သည်။
ဘရာဇီး၌နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေပြီး နေ့စဉ်ကူးစက်မှု အရေအတွက်တွင် အမေရိကန်ပြီးလျှင် ဒုတိယမြောက်နေရာတွင် ရှိနေသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူ ၄၁ ဦးကို ဇန်နဝါရီ ၁၀ ရက်တွင် အတည်ပြုခဲ့ပြီးနောက် ဧပြီ ၁ ရက် မတိုင်မီ ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းကျော် ရှိခဲ့သည်။ ယင်းနောက် သီတင်းနှစ်ပတ်တိုင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် တစ်သန်းခန့်ရှိကြောင်း ရိုက်တာ၏ စာရင်းပြုစုမှုအရ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက် ငါးသန်းကျော်တွင် ခြောက်လအတွင်း ဗိုင်းရပ်စ်ကူးစက်ခံသူအရေအတွက်သည် နှစ်စဉ်ဖြစ်ပေါ်သည့် ပြင်းထန်သော ရိုးရိုးတုပ်ကွေးဖြစ်ပွားသည့် အရေအတွက်ထက် များပြားခဲ့သည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပြင်းထန်သော ရိုးရိုးတုပ်ကွေးဖြစ်ပွားသည့် အရေအတွက်သည် သုံးသန်းမှ ငါးသန်းအတွင်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။
ကပ်ရောဂါကြောင့် လူပေါင်း ၃၂၆၀၀၀ ကျော် သေဆုုံးခဲ့သည်ဟု ဆိုသော်လည်း နိုင်ငံအများစုတွင် ဆေးရုံပြင်ပ သေဆုံးမှုနှုန်းကို ထည့်သွင်းမှုမရှိခြင်းနှင့် စစ်ဆေးမှုများသည် အကန့်အသတ်ရှိနေဆဲဖြစ်သောကြောင့် အမှန်တကယ်သေဆုံးသည့် အရေအတွက်သည် ယင်းထက် ပိုများသည်ဟု ယူဆရသည်။ စုစုပေါင်းသေဆုံးသူအရေအတွက်၏ ထက်ဝက်ကျော်သည် ဥရောပမှဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ဆက်လက်မြင့်တက်နေသော်လည်း နိုင်ငံအများစုတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် သီတင်းပတ်များစွာ Lockdown ချခဲ့ပြီးနောက် ယခုအခါ စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ ပထမဆုံး အမေရိကန်ကာကွယ်ဆေးကို လူတွင်စမ်းသပ်သည့် အစောပိုင်းရလဒ် မျှော်လင့်ချက်များကြောင့်လည်း ငွေကြေးစျေးကွက်များသည်ပင်လျှင် အနည်းငယ် မြင့်တက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ၊ COVID-19 ရောဂါသည် ကမ္ဘာပေါ်တွင် ယခုအထိ ကောင်းစွာထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိခြင်းမရှိသေးဘဲ ဒေါက်တာမက်လစ်ဆစ် ပြောခဲ့စဉ်ကအတိုင်းပင် “လက်ငင်း လူနာတိုးမလာအောင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သည့် ဘောင်မှ ကျော်မသွားအောင်” ကြိုးပမ်းနေရဆဲအဆင့်၌သာ ရှိနေသေးသည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








