COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်
 ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 19 May 2020
     ဇေယျာငြိမ်း

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း မေလ ၁၈ ရက်က ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည့် အန္တရာယ်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို အဆိုးရွားဆုံး ခံစားရမည့် နွမ်းပါးပြီး ထိခိုက်လွယ်သော ပြည်သူများဖြစ်သည်။

မြန်မာနိုင်ငံ၌ နွမ်းပါးပြီး ထိခိုက်လွယ်သော ပြည်သူများမှာ စိုက်ပျိုးရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်သားအင်အား ထက်ဝက်ခန့် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားအင်အား  သုံးပုံနှစ်ပုံ ဝင်ရောက်လုပ်ကိုင်လျှက်ရှိကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုက ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအပေါ် ခြိမ်းခြောက်မှုများ ပိုမိုကြီးမားလာလျက်ရှိစဉ် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်ရေးအား အာရုံစိုက် ဆောင်ရွက်သွားရန် ပိုမိုအရေးကြီးလာပြီဖြစ်ကြောင်း၊ သို့မှသာ အလုပ်အကိုင် ဖန်တီးပေးနိုင်ပြီး အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation- IFC ၏ ဌာနေ ကိုယ်စားလှယ်မစ်ယွမ်ရှုက ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ အရပ်ဖက်အုပ်ချုပ်ရေးသို့ စတင်ကူးပြောင်းလာသည့် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့် စီးပွားရေးတိုးတက်မှုများနှင့် တိုင်းတာဖော်ပြနိုင်သည့် လူနေမှုဘဝအခြေအနေသို့ တိုးတက်မှုများ ရှိလာခဲ့သည်။

၂၀၀၅ ခုမှ ၂၀၁၇ ခုနှစ်အတွင် မြန်မာနိုင်ငံ၏ ဆင်ရဲနွမ်းပါးမှုနှုန်းသည် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၅ ရာခိုင်နှုန်းအထိ ထက်ဝက်နီးပါး ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုကာလအတွင်း ရရှိခဲ့သော တိုးတက်မှုများ၏ အသီးအပွင့်များ မခံစားနိုင်သည့် ပြည်သူအများအပြား ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံသည် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများဖြစ်သည်။ ယင်းအခြေအနေများသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော တိုင်းပြည်တစ်ခုအဖြစ်သို့ ရောက်ရှိရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်နေကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့က မေလ ၁၂ ရက်တွင် ဆွေးနွေးခဲ့သည့် ဖွံ့ဖြိုး ရေးမိတ်ဖက် မဟာဗျူဟာအသစ်သည် နယ်ပယ်သုံးရပ်အပေါ်တွင် အဓိက အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းတို့မှာ လူသားအရင်းအမြစ် တည်ဆောက်ရန်နှင့် ငြိမ်းချမ်းသော လူမှုအသိုင်းအဝိုင်းများအား အားပေးဖော်ဆောင်သွားရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုသော တိုက်တက်မှုမြှင့်တင်ရေးနှင့် အားလုံးပါဝင်နိုင်ငံသည့် စီးပွားရေး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေရန်အတွက် လှုံ့ဆော်ပေးရန်နှင့် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များအား ရင်ဆိုင်ကျော်လွှားနိုင်ရန်နှင့် ကြံ့ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့်အတူ သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်အား ရေရှည်တည်တံ့နိုင်စေရန် စီမံသွားရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်အုပ်စု၏ ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်အသစ် ၂၀၂၀ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဋိပက္ခဒဏ်ခံရသည့် ဒေသများအပါအဝင် လူမှုဘဝပေါင်းစည်းပါဝင်ရေး Social Inclusion နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ် အလေးအနက်ထား၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အသွင်းကူးပြောင်းမှုများအား ဆက်လက်ကူညီပေးသွားမည်ဖြစ်သည်။

                  

                              

Most Read

Most Recent