COVID-19 ရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ဟု KIO ဗဟိုကော်မတီ ထုတ်ပြန်

COVID-19 ရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ဟု KIO ဗဟိုကော်မတီ ထုတ်ပြန်
 ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး (လယ်)နှင့် KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်(ယာ)တို့ မေ ၁၃ ရက်က ဆွေးနွေးပွဲတွင် တွေ့ဆုံနေသည်ကို တွေ့ရစဉ် Photo- Kachinnet Burmese Facebook
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး (လယ်)နှင့် KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်(ယာ)တို့ မေ ၁၃ ရက်က ဆွေးနွေးပွဲတွင် တွေ့ဆုံနေသည်ကို တွေ့ရစဉ် Photo- Kachinnet Burmese Facebook
Published 14 May 2020
 မင်းနိုင်စိုး

COVID-19 ကပ်ဘေးရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ကြောင်း KIO ဗဟိုကော်မတီက မေ ၁၄ ရက်တွင် သဘောထား ထုတ်ပြန်သည်။

KIO ဗဟိုကော်မတီက ဖွဲ့စည်းထားသော COVID-19 ရောဂါကာကွယ် နှိမ်နင်းရေးကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲ့တို့သည် မေ ၁၃ ရက်တွင် မိုင်ဆတ်ပါကျေးရွာတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် KIO ဗဟိုကော်မတီ၏ သဘောထားထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် တိုက်တွန်းချက်ကို ကိုးကား၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်ထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း KIO ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ အရ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး မူဝါဒဖြစ်သော နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No One Left Behind Policy) အရ COVID-19 ကပ်ဘေးရောဂါကို ထိထိရောက် ရောက်ကာကွယ်နှိမ်နင်းနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ကြောင်း KIO ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဓိကကတော့ အခုအချိန်မှာ ကျွန်တော်တို့ COVID-19 ကပ်ရောဂါကို အားလုံးက ဝိုင်းဝန်းပြီးမှ နှိမ်နင်းဖို့ကိစ္စကို ကျွန်တော်တို့ ရည်ရွယ်ပြီးတော့ ဒီလိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ယခုသဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ယခုကဲ့သို့ COVID-19 ကပ်ဘေးရောဂါ ကျရောက်နေသည့် အချိန်ကာလတွင် စစ်ရေးကိစ္စများကို အဓိကမထားဘဲ ကပ်ဘေးရောဂါ ကာကွယ်နှိမ်နင်းရေးကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲတွင် COVID-19 ကပ်ဘေးရောဂါကာ ကွယ်ကုသ နှိမ်နင်းရေးနှင့် ပတ်သက်သော ကိစ္စများ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြောင်း KIO ဗဟိုကော်မတီ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၊KIO၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR)၊ COVID-19 Concern & Response Committee- Kachin (CCRC-K)၊ Peace- talk Creation Group (PCG) တို့သည်  COVID-19 ကပ်ဘေးရောဂါ ကာကွယ်နှိမ်နင်း ကုသရေးကိစ္စရပ်များကို အတူတကွ လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီ၏ မေ ၁၄ ရက် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဘက်မှ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ပြည်နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာအေးသိန်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ပြီး KIO ဘက်မှ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂမ်၊ KIC ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော် ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တွေ့ဆုံပွဲတွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR)၊ COVID-19 Concern & Response Committee- Kachin (CCRC-K)၊ Peace- talk Creation Group (PCG)  မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။      

 

 

Most Read

Most Recent