COVID-19 ကုထုံးနှင့် ကာကွယ်ဆေး

COVID-19 ကုထုံးနှင့် ကာကွယ်ဆေး
Published 14 May 2020

ကုထုံးအချို့သည် COVID-19 ရောဂါ၏ ပြင်းထန်မှု သို့မဟုတ် ကြာရှည်မှုကို ကန့်သတ်ထားနိုင်ပုံရပြီး အလားအလာအကောင်းဆုံး လေးငါးခုခန့်ကို ပို၍ အဓိကထား လေ့လာမှုများ ပြုလုပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ဂျနီဗာမြို့အခြေစိုက် WHO သည် COVID-19 ရောဂါကို ကာကွယ်ရန်၊ စစ်ဆေးဖော်ထုတ်ရန်နှင့် ကုသရန်တို့အတွက် ဘေးကင်းလုံခြုံပြီး ထိရောက်သည့် ကုသဆေးများ၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ဖွံ့ဖြိုးလာရန် ကမ္ဘာ့လှုပ်ရှားမှုတစ်ရပ်ကို ဦးဆောင်နေသည်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ကမ္ဘာတစ်လွှားတွင် လူပေါင်း ၄.၃၅ သန်းကို ကူးစက်ခဲ့ပြီး ဖြစ်သည်။

“အစောပိုင်း လေ့လာချက်တွေမှာ ရောဂါရဲ့ ပြင်းထန်မှု ဒါမှမဟုတ် ကြာရှည်မှုကို ကန့်သတ်ထားနိုင်ပုံရတဲ့ ကုသချက်အချို့ ကျွန်မတို့မှာ ရှိထားပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ ဒါမှမဟုတ် ရပ်တန့်နိုင်တဲ့ အရာတော့ ကျွန်မတို့မှာ ဘာမှမရှိပါဘူး” ဟု WHO ၏ “ရောဂါတိုက်ဖျက်ရေး ဆေးဝါးများအား တစ်ညီတစ်ညွတ်တည်း စမ်းသပ်ရေးအဖွဲ့” ဟု ခေါ်ဆိုသည့် အဖွဲ့အား ရည်ညွှန်းလျက် ပြောရေးဆိုခွင့်ရအမျိုးသမီး မာဂရက်ဟာရီက ပြောကြားခဲ့သည်။ “ကျွန်မတို့မှာ ထွက်ပေါ်လာမယ့် အလားအလာကောင်းတဲ့ အချက်အလက်တွေ ရှိထားပါတယ်။ ဒါပေမဲ့ ဒီကုထုံးက ဟိုကုထုံးထက် ပိုကောင်းတယ်လို့ ပြောနိုင်လောက်အောင် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ရဖို့ နောက်ထပ်အချက်အလက်တွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားလျက် နောက်ထပ် သုတေသနများ လိုအပ်ပြီး စီစဉ်နေကြောင်းလည်း ပြောကြားခဲ့သည်။

ဟာရီက ကုထုံးနှင့်ပတ်သက်၍ အမည်များကို ပြောကြားခဲ့ခြင်းမရှိပေ။ Gilead Science ကုမ္ပဏီကမူ ၎င်းတို့၏ Remdesivir ဆေးဝါးသည် COVID-19 လူနာများအတွက် ရလဒ်များ တိုးတက်လာစေရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ WHO က ကာကွယ်ဆေးတစ်ရပ်အတွက် မျှော်လင့်ချက်များနှင့် ပတ်သက်၍ သတိကြီးကြီးထားနေပုံရပြီး ယေဘုယျသဘောအရ ကိုရိုနာဗိုင်းရပ်စ်များသည် အလွန်မာယာများသော ဗိုင်းရပ်စ်များ ဖြစ်ကြပြီး ယင်းကို တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။ အလားအလာရှိသည့် COVID-19 ကာကွယ်ဆေးပေါင်း ၁၀၀ ကျော် ဖွံ့ဖြိုးလာပြီး အများအပြားကို စမ်းသပ်လျက်ရှိသည်။ သို့သော် WHO က ကာကွယ်ဆေးတစ်ခု ရရန် အနည်းဆုံး အချိန် ၁၂ လကြာမည်ဟု ဧပြီလက ပြောကြားခဲ့သည်။

၎င်းအနေဖြင့် အာဖရိကတွင် ရောဂါကူးစက်ခံရသူအရေအတွက် မြင့်တက်လာသည်ကို သတိပြုမိသော်လည်း လက်ရှိတွင် အမေရိကသည် ရောဂါကူးစက်ပျံ့နှံ့ရာ အချက်အချာဖြစ်နေကြောင်း ဟာရီက ပြောကြားခဲ့သည်။ သို့သော် ကူးစက်ရောဂါဖြစ်ပွားမှု အတွေ့အကြုံနည်းပါးသော အခြားနိုင်ငံများထက်စာလျှင် အမေရိကသည် ကြီးမားသော အားသာချက်ရှိကြောင်း ဟာရီက ပြောကြားခဲ့သည်။ “သူတို့မှာ သိပ်ကိုကောင်းလွန်းတဲ့ တွေ့ထိခဲ့သူ ခြေရာခံရေး အခြေခံအဆောက်အအုံတွေ ရှိထားပြီး ကျွန်မတို့အနေနဲ့ ရောဂါပိုးအသစ်တစ်ရပ်ကို ဘာကြောင့် အရမ်းအရမ်းကို အလေးအနက် ထားနေရသလဲဆိုတာနဲ့ပတ်သက်ပြီး သိပ်ကို နက်ရှိုင်းတဲ့ မှတ်ဉာဏ်နဲ့ နားလည်မှုလည်း ရှိထားပါတယ်” ဟု ဟာရီက တောင်အာဖရိကနိုင်ငံအား ၎င်းတို့၏ ထိရောက်သော စစ်ဆေးမှုနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံမှုကို ရည်ညွှန်းလျက် ရွေးထုတ်ပြောဆိုခဲ့သေးသည်။

အမေရိကန်နှင့် ဘရာဇီးတို့တွင် ရောဂါကူးစက်ပျံ့နှံ့မှု အလွန်မြင့်မားရသည့် အကြောင်းရင်းများကို မေးမြန်းရာတွင် ဟာရီက “ကျွန်မတို့ အစပိုင်းကတည်းက အရမ်းကို စောလွန်းတဲ့အချိန်က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်တွေကို သိပ်ကို ပြင်းထန်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ရပ်အကြောင်း သတိပေးချက်တွေအဖြစ် မမြင်မိခဲ့ကြတာကို ကမ္ဘာတစ်လွှားမှာ တွေ့မြင်ရပါတယ်” ဟု ပြောကြားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ ကုထုံး သို့မဟုတ် ကာကွယ်ဆေးတစ်ရပ် ရရှိရန် အလှမ်းဝေးနေဆဲဖြစ်သည့်အပြင် ပြင်းထန်ကာ သေဆုံးစေနိုင်သည့် ရောဂါတစ်ရပ်အား ရင်ဆိုင်ရာတွင် ဘက်ပေါင်းစုံ တွက်ချက်မှုအပေါ် အခြေခံထားသည့် မူဝါဒများ ရှိထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (မေ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent