လှိုင်သာယာမြို့နယ်အတွင်း Mask မတပ်ဘဲ အပြင်သွားလာသူ ၅၀ ဦးကို စတင်အရေးယူ

လှိုင်သာယာမြို့နယ်အတွင်း Mask မတပ်ဘဲ အပြင်သွားလာသူ ၅၀ ဦးကို စတင်အရေးယူ
Published 14 May 2020
မျိုးထက်ပိုင်

လှိုင်သာယာမြို့နယ်အတွင်း Mask မတပ်ဘဲ အပြင်သွားလာသူ ၅၀ ဦးကို မေလ ၁၄ ရက်က စတင်အရေးယူမှု ပြုလုပ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်သည့် အနေဖြင့် အပြင်သွားလာရာတွင် Mask မတပ်သူများအား ဖမ်းဆီးအရေးယူသည့် အစီအစဉ်ကို မေလ ၁၄ ရက် နံနက်ပိုင်းက စတင်လုပ်ဆောင်ခဲ့သည်။

“ဟုတ်ပါတယ်။ အရေးယူမှုတွေ စတင်လုပ်ဆောင်ပါတယ်။ မနက်ပိုင်းလုပ်တယ်။ နေ့ခင်းကျတော့ လူကသိပ်မထွက်တော့ဘူးလေ။ နောက်ရက်တွေ ဆက်လုပ်သွားမယ်။ ဒီနေ့ကတော့ အယောက် ၅၀ ပေါ့။ ကျား ၄၇ ဦး မ ၃ ဦးကို အရေးယူတယ်။သက်ဆိုင်ရာ ရဲစခန်းကိုခေါ်တယ်။ သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆို တင်ပို့ဖို့ လုပ်တယ်။ လှိုင်သာယာ ၁၅ စျေး၊ မီးခွက်စျေး၊ BOC အဝိုင်း၊ သမကုန်းအဝိုင်း အဲ့နေရာတွေမှာ ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခါတည်းဖမ်းတယ်။ တရားစွဲဆိုတင်ပို့တယ်။ တစ်ခါတည်း အမိန့်ချပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး တားဆီးရေးဥပဒေတွေနဲ့ အရေးယူတာပါ။ ဒဏ်ငွေဆောင်ခိုင်းပါတယ်။ တစ်ရက်ခြားတစ်ခါ လုပ်သွားဖို့ ရှိပါတယ်” ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောကြားသည်။

ယင်းသို့ပြုလုပ်ရာတွင် လှိုင်သာယာမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

လူစည်ကားရာ နေရာများဖြစ်သည့် လှိုင်သာယာ (၁၅) စျေး၊ မီးခွက်စျေး၊ BOC အဝိုင်း၊ သမကုန်းအဝိုင်း စသည့်နေရာများတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Mask မတပ်ဘဲ အပြင်သွားလာသူ ၅၀ ကို ဖမ်းဆီးအရေးယူခဲ့သည်။

ဖမ်းဆီးထားသူများကို သက်ဆိုင်ရာ ရဲစခန်းများမှတစ်ဆင့် တရားရုံးသို့ တင်ပို့ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး တားဆီးရေး ဥပဒေများဖြင့် တရားစွဲဆိုပြီး ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။

မျိုးထက်ပိုင်

Most Read

Most Recent