တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါနှင့်ပတ်သက်၍စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူမရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါနှင့်ပတ်သက်၍စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူမရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 13 May 2020
   မင်းနိုင်စိုး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါနှင့် ပတ်သက်၍ စစ်ဆေးခဲ့ပြီး ထိုသို့စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား   COVID-19 ရောဂါနှင့်ပတ်သက်ပြီး မေ ၁၀ ရက်မှစ၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်ကို သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင်  မေ ၁၂ ရက်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရာရှိကြီးများ၊ ၎င်းတို့၏ မိသားစုဝင်များအားလုံးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ၅၅ ရာခိုင်နှုန်းကျော်အား ပဏာမစစ်ဆေးဆောင်ရွက်ခဲ့ပြီး တစ်လအတွင်း ခရီးသွားရာဇဝင်ရှိခဲ့သူများကို သွေးဖောက်နမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိမှုမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

“ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ရုံးဝင်းပဲစစ်တာပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကို လိုအပ်သည့် ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၄ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါစစ်သည်နှင့်ဆက်စပ် ထိတွေ့ဆောင်ရွက်ခဲ့သူ ၃၆၃ ဦးကို  လိုအပ်သည့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်ပြီး မေ ၄ ရက်တွင် နေပြည်တော် တပ်မတော်ဆေးရုံကြီး၌ Bobas 6800 ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ ၃၆၃ ဦးစလုံးတွင် COVID-19 ရောဂါပိုး တွေ့ရှိသူမရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါစစ်သည်နှင့် လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သူ ၅၆ ဦးကိုလိုအပ်သည့် သွားလာကန့်သတ် စောင့်ကြည့်မှုများ ဆောင်ရွက်ပြီး မေ ၆ ရက်တွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိ မှုမရှိကြောင်း တပ်မတော်က သတင်းထုတ် ပြန်ထားသည်။                                  

Most Read

Most Recent