အကြမ်းဖက်အဖွဲ့ရှိသောနယ်မြေသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်သော်လည်း အခြားနယ်မြေများတွင် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာပါက လုံခြုံရေးအရ ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

အကြမ်းဖက်အဖွဲ့ရှိသောနယ်မြေသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်သော်လည်း အခြားနယ်မြေများတွင် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာပါက လုံခြုံရေးအရ ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 13 May 2020
                        မင်းနိုင်စိုး

အကြမ်းဖက်အဖွဲ့ရှိသော နယ်မြေသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်သော်လည်း အခြားနယ်မြေများတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းကို ထိခိုက်စေရန် ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရှိနေပြီး တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ချင်းပြည်နယ် ပလက်ဝဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက် အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်တို့ ပြောပြီးသားပါ။ အကြမ်းဖက်အဖွဲ့ရှိတဲ့နေရာပေါ့။ အကြမ်းဖက်အဖွဲ့ရှိတဲ့နေရာကလည်း သိပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပဲ ရှိတာပါ။ ဒါကို ဆိုလိုခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော်လည်း အခြားသော နယ်မြေများတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ထိခိုက်စေမည့် ဆောင်ရွက်ချက်များရှိလာလျှင် တပ်မတော်အနေဖြင့် လုံခြုံရေးအရ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ထုတ်ပြန်ချက်ထဲမှာ ပါပြီးသားပါ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် စည်းကမ်းချက်တွေ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်လာရင်တော့ လုံခြုံရေးအရ ဆောင်ရွက်ရမယ်လို့ ပါပြီးသားပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်၏ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

     

Most Read

Most Recent