နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာတွင် ဆဲဆိုရေးသားသူကို ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်ပုဒ်မဖြင့် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာတွင် ဆဲဆိုရေးသားသူကို ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်ပုဒ်မဖြင့် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆို
Published 13 May 2020
အောင်ကျော်မျိုး(ဟင်္သာတ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာတွင် ဆဲဆိုရေးသားသူကို ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄(က)ဖြင့် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကို ဆက်သွယ်မေးမြန်းရာတွင် အမှုဖြစ်စဉ်ကို ပြော၍ မရသေးကြောင်း ပြန်လည်ဖြေကြားသည်။

“လောလောဆယ်တော့ ပြောလို့မရသေးပါဘူး။ အားနာပါတယ်။ တာဝန်ပေးထားတာတော့ ရှိပါတယ်။ တိုင်းမှာပဲ သတင်းယူလိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော် အားနာပါတယ်။ လောလောဆယ် အများကြီး ဖြေလို့မကောင်းလို့ပါ” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

သို့သော် ကြံခင်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းကမူ နိုင်ငံတော်အကြီးအကဲပိုင်းက တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်လည်လမ်းညွှန်မှု ပြုလိုက်ပြီး လမ်းညွှန်မှုအခြေအနေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာ၌ ဆဲဆိုရေးသားသူကို ပုဒ်မ ၁၂၄(က)ဖြင့် မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုထားပြီးဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“နိုင်ငံတော်အကြီးအကဲတွေကို စော်ကားရိုင်းပြတဲ့ရေးသားမှု ပြုလုပ်ထားသူနဲ့ ဒေသတွင်းမှာရှိကြတဲ့ ပြည်သူတွေနဲ့က ပဋိပက္ခဖြစ်လာနိုင်တဲ့အခြေအနေတွေ တွေ့လာရတယ်။ ဒေသခံအများစုက ဒီအပေါ်မှာ မခံမရပ်နိုင်ဖြစ်တယ်။ ဒီအခြေအနေမှာ မြို့နယ်အုပ်ချုပ်ရေးကနေတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ထူးခြားဖြစ်စဉ်အနေနဲ့ ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ လမ်းညွှန်မှုခံယူတဲ့ တင်ပြချက်မျိုးနဲ့တင်ပြလိုက်တာပါ။ အခုဆိုရင် နိုင်ငံတော်အကြီးအကဲပိုင်းက အစိုးရပိုင်းကနေပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်လည်ပြီး လမ်းညွှန်မှု ပြုလိုက်ပြီလို့ သိရပါတယ်။ လမ်းညွှန်မှုအခြေအနေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျူးလွန်သူကို ပုဒ်မ ၁၂၄ (က)နဲ့ မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားပါပြီ” ဟု ဦးသော်ဇင်ဝင်းက ပြောကြားသည်။

 ပြီးခဲ့သည့် ဧပြီ ၁၄ ရက်က လူမှုကွန်ရက် စာမျက်နှာပေါ်ရှိ Nyan Lin Htat Referee အကောင့်ပိုင်ရှင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့အား ဆဲရေးတိုင်းတွာ စော်ကားပြောဆို ရေးသားထားသည့် ပို့စ်များကို စိစစ်တွေ့ရှိရကြောင်း ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး၏ အစိုးရအဖွဲ့အကြီးအကဲထံ တင်ပြခဲ့သည့်စာ၌ ဖော်ပြထားသည်။

 Nyan Lin Htat Referee အကောင့်ပိုင်ရှင်အနေဖြင့် “အသုံးမကျသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (မူရင်းရေးသားချက်တွင် စကားလုံးသုံးနှုန်းမှုကြမ်းတမ်း)နှင့် နောက်လိုက်များ မတ်လ ၁၅ ရက်နေ့ကတည်းက ပြည်ခိုင်ဖြိုးနှင့် အခြားပါတီများ ထုတ်ပြန်သည့်စာကို ဖတ်ကြည့်စမ်းဟုလည်းကောင်း၊ အဆိုပါစာအတိုင်းမစီမံဘဲ လုပ်ချင်ရာတွေ လုပ်နေတာ ငြင်းဦးမလားဟုလည်းကောင်း၊ ထိုစဉ်အချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးစီးဦးဆောင်လုပ်ပြီး လူစုလူဝေးပွဲတွေ လုပ်နေကြောင်း၊ မှန်တာပြောသည်ကို ဖမ်းမည်ဆိုပါက လာဖမ်းဟုလည်းကောင်း စသည့် စာသားများကို ရေးသားခဲ့သည့်အပြင် အစိုးရအားဆဲဆိုသည့် စကားလုံးအသုံးအနှုန်းများကိုလည်း ထည့်သွင်းရေးသားထားကာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာကိုလည်း ထည့်သွင်းရေးသားထားကြောင်း ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ တင်ပြစာ၌ ပူးတွဲတင်ပြထားသည့် Post မိတ္တူအရ သိရသည်။

မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့မဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ခုနစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပုဒ်မ ၁၂၄(က) ဥပဒေသတ်မှတ်ချက်၌ ဖော်ပြထားသည်။

 

Most Read

Most Recent