အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်မည့်ရက်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်ချိန် နောက်ကျနိုင်

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်မည့်ရက်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်ချိန် နောက်ကျနိုင်
Photo- Myanmar State Counsellor Office
Photo- Myanmar State Counsellor Office
Published 13 May 2020
နေရိုင်း၊ ဇေယျာထွန်း

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်မည့်ရက်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်ချိန် နောက်ကျနိုင်ခြေရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ပြောကြားသည်။

"အတိုင်ပင်ခံဦးဆောင်တဲ့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုတော့ နားထောင်ရမယ်နဲ့တူတယ်။ ကျွန်တော်တို့ဆီက ခိုင်ခိုင်မာမာ ဘာပဲပြောနိုင်သေးလဲဆိုတော့ အတိုင်ပင်ခံဦးဆောင်တဲ့ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကိုစောင့်ပြီး ပြောနိုင်မယ်။ အခုထိတော့ ဘာမှမသိသေးဘူး။ ကျောင်းဖွင့်ရက် နောက်ကျဖို့တော့များမှာပေါ့" ဟု ဦးဇော်ထွန်းအောင်က ပြောကြားသည်။

ယခင်စာသင်နှစ်များတွင် အခြေခံပညာကျောင်းများအား မေ ၂၀ ရက်၌ ကျောင်းအပ်နိုင်ကြောင်း ကြိုတင်ကြေညာ၍ ဇွန် ၁ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင်မူ အခြေခံပညာကျောင်းများ ဖွင့်ရက်ရရှိပါက ကျောင်းဖွင့်ရက်မတိုင်မီ နှစ်ပတ်အလိုတွင် အသိပေးကြေညာသွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများအား Online မှတစ်ဆင့် သင်ရိုးညွှန်းတမ်းအသစ်များအား သင်တန်းပေးခြင်းများလုပ်ဆောင်နေပြီး ရုပ်မြင်သံကြားမှတစ်ဆင့် ရက်အပိုင်းအခြားအလိုက် ဘာသာရပ်များခွဲ၍ သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"အခုလည်းပဲ ခရိုင်အလိုက်တော့ ကျွန်တော်တို့က စနေကြပြီ။ ခရိုင်အလိုုက်တော့ အွန်လိုင်ကနေစနေပြီ။ အဲဒါပြီးရင် ဆရာ ဆရာမအားလုံး သွားနိုင်ဖို့အတွက် လုပ်နေပြီ။ အဓိက ကတော့ online လုပ်တယ်။ အဲဒါအပြင် တီဗွီကနေ Free to Air ကနေ အလှည့်ကျ ဘယ်နေ့ဘယ်ရက်မှာ ဘယ်သင်ခန်းစာ။ ဘယ်နှစ်တန်းဆိုပြီး တီဗွီကနေ လွှင့်နေပြီ" ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောကြားသည်။

COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး Social Distancing ဖြစ်စေရေးအတွက် ကျောင်းသားများအား ရက်ပိုင်းခြားကာ အတန်းတက်စေနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း သိရသည်။

"ကျောင်းသားအတွက် နေရာချဲထားဖို့ကိစ္စက ကျွန်တော်တို့လည်း အတိုင်ပင်ခံမပြောခင်ကတည်းက အကယ်၍ ကျောင်းဖွင့်ခဲ့သည်ရှိသော် ကျွန်တော်တို့က စဉ်းစားပြီးသားပါ။ ဥပမာ ကျောင်းသား ၅၀၀ ရှိရင် ကျောင်းသားကို ဘယ်လိုခွဲမလဲ။ နှစ်သုတ်ခွဲပြီး တက်ခိုင်မလား။ ဒါမှမဟုတ် အချိန်ပဲ ခွဲမလားပေါ့။ ကျွန်တော်တို့ဆီမှာ ခွဲခြားပြီး plan လေးတွေတော့ရှိကြတယ်။ အဓိကကတော့ ရက်ခြားပြီး စုံ၊ မ စုံ၊ မ အတန်းတွေပဲ တက်ခိုင်းမလား။ အဲဒီလိုမျိုးတော့ စီစဉ်ထားပြီးသား" ဟု ဦးဇော်ထွန်းက ဆက်လက်ပြောကြားသည်။

COVID-19 ကာကွယ်ဆေးပေါ်သည့်အထိ ကျောင်းပိတ်ထားရန် မလွယ်၍ ကျောင်းများ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် စျေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် Online ဆွေးနွေးအစီအစဉ်တွင် ပြောဆိုထားသည်။

 

 

Most Read

Most Recent