၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်အများစု နေပြည်တော်သို့ရောက်ရှိနေပြီး COVID-19 ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲနမူနာရယူကာ စစ်ဆေးမည်

၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်အများစု နေပြည်တော်သို့ရောက်ရှိနေပြီး COVID-19 ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲနမူနာရယူကာ စစ်ဆေးမည်
Published 11 May 2020
အောင်မင်းသိန်း

မေ ၁၈ ရက်တွင်စတင်မည့် ဒုတိယအကြိမ် လွှတ်တော် ၁၆ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်အများစု နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများကိုရယူကာ COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ရောဂါရှိ မရှိစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူများကို စတင်ရယူမည့် လုပ်ငန်းစဉ်ကို မေ ၁၃ ရက်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ရောဂါရှိ မရှိ စစ်ဆေးမည့်အခြေအနေနှင့်ပတ်သက်၍ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက “ စစ်မယ်။ စစ်ပြီးတော့မှ မရှိဘူးဆိုတော့မှ လွှတ်တော်ထဲကို ဝင်ခွင့်ပေးမယ်” ဟု ပြောကြားသည်။

ထိုသို့ ဆေးစစ်ခြင်းလုပ်ငန်းစဉ်စတင်ရာတွင် ဧပြီ ၁၃ ရက်၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ရောက်ရှိနေသော မိသားစုဝင်များ၊ အထောက်အကူအပြုအဖွဲ့၊ ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသာအဖွဲ့၊ စည်ပင်ဧည့်ရိပ်သာ (၂) ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့နိုင်မည့် ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့များ၊ လွှတ်တော်အတွင်းရှိဝန်ထမ်းများ စသည့် လူဦးရေ ၃၀၀ နီးပါး၏ Swab ကို ကြိုတင်ရယူမည်ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက ပြောကြားသည်။

“ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များကို စည်ပင်ဧည့်ရိပ်သာ (၂) နဲ့ ကြံ့ခိုင်ရေးရုံး၊ အဲဒီနှစ်ခုမှာရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစစ်ဆေးမှု နှာခေါင်းတို့ဖတ်ကို ယူမယ့်အစီအစဉ်ကို ကြိုတင်ပြီးတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့ နေပြည်တော်ကောင်စီက ဥက္ကဋ္ဌတို့ရဲ့ ညွှန်ကြားမှုတွေနဲ့ ကျွန်မတို့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ နှာခေါင်းတို့ဖတ်ရယူခြင်းကို မေ ၁၄ ရက်နှင့် ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန် အခန်းများကြိုတင်စီစဉ်ထားကြောင်း ၎င်းက ပြောကြားသည်။ 

“ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး စီစဉ်နေပါတယ်။ အခန်းရှစ်ခန်း စီစဉ်ထားပါတယ်။ တစ်ခန်းစီမှာ တစ်ဦးစီနဲ့ နာရီဝက်ကို ငါးဦးနှုန်းနဲ့ ကျွန်မတို့ အဲဒီလိုမျိုး သေသေချာချာလေး စီစဉ်ပြီးတော့ Swab ယူဖို့ စီစဉ်ပါတယ်။ အဲဒီလို Swab ယူတဲ့အခါမှာလည်း ကျွမ်းကျင်သော ပညာရှင်များကို ကျွန်မတို့တိုင်းမှာရှိတဲ့ ပညာရှင်များကို အားလုံးစုစည်းပါတယ်။ စုစည်းပြီးရင် အခန်းရှစ်ခန်းမှာ နှစ်ဦးစီထားပြီး Swab ကိုယူဖို့ စီစဉ်နေပါတယ်” ဟု ဒေါက်တာ အေးအေးမာက ပြောကြားသည်။

ယင်းကဲ့သို့ ရယူထားသော ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ဓာတ်ခွဲနမူနာရယူရမည့် လူဦးရေ ၈၀၀ နီးပါးခန့်ရှိကြောင်း ဒေါက်တာ အေးအေးမာက ပြောကြားသည်။

(၁၆) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းများနှင့် ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ COVID-19 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါပိုး တွေ့ရှိမှု မရှိကြောင်း မေ ၈ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

လွှတ်တော်အစည်းအဝေးကာလတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားထားသည်။

Most Read

Most Recent