AA အဖွဲ့ဝင်သုံးဦးနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူ သုံးဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး အမာခံတစ်ဦးကို အသေဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်

AA အဖွဲ့ဝင်သုံးဦးနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူ သုံးဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး အမာခံတစ်ဦးကို အသေဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်
Published 11 May 2020
မင်းနိုင်စိုး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့ဝင် သုံးဦးနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူ အမာခံသုံးဦးတို့အား တပ်မတော်စစ်ကြောင်းများက မေ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းများက မေ ၆ ရက် နံနက်ပိုင်းတွင် သာစည်ကျေးရွာအတွင်း လုံခြုံရေးအရ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိစဉ် စံပတီးချောင်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် စက်လှေတစ်စင်းကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးစဉ် အမျိုးသား လေးဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား အသေးစိတ်စစ်ဆေးခဲ့ရာ AA အဖွဲ့ ယူနီဖောင်းဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက် ကိုင်ဆောင်ထားသည့် ဓာတ်ပုံများ၊ AA အဖွဲ့၏ တိုက်ပွဲ အစီရင်ခံစာများ၊ တပ်မတော်မှ လက်နက်ခဲယမ်းများကို ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများပါဝင်သော လက်ကိုင်ဖုန်းများနှင့်အတူ AA အဖွဲ့မှ တပ်သားအဆင့်ရှိ မျိုးထက်ဦး အသက် ၁၄ နှစ်၊ တပ်သားအဆင့်ရှိ ကိုကိုဇော် အသက် ၁၇ နှစ်နှင့် အမာခံများဖြစ်သော ဝင်းမော်ထွန်း အသက် ၁၇ နှစ်၊ ပြေငြိမ်းအောင် အသက် ၁၅ နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့နောက် စက်လှေတစ်စင်း ထပ်မံရောက်ရှိလာသဖြင့် စစ်ဆေးခဲ့ရာ ၎င်းစက်လှေပေါ်မှ AA အဖွဲ့မှ ကျော်မင်းဌေး အသက် ၂၁ နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းချက်အရ ပုဏ္ဏားကျွန်းမြို့ရှိ စံပြရပ်ကွက်၊ ကမ်းနားလမ်း၊ အိမ်အမှတ် (၃၉၃) နေ ဦးသန်းမြင့်၏ နေအိမ် ၌ AA အဖွဲ့၏ ရိက္ခာများ စုပုံထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဦးသန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်သန်းတင့် အသက် ၄၆ နှစ်ကို AA အဖွဲ့၏ အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများက မေ ၁၀ ရက်တွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ အမာခံတစ်ဦးကို ဒေသန္တရ ခလုတ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းများက လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကဇူးကိုင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ အရောက်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးတွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းနေရာတစ်ဝိုက် အသေးစိတ်စစ်ဆေးခဲ့ရာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ အမာခံတစ်ဦးကို လေးလက်မကွန်ကြူပိုက်၊ အရှည် ခြောက်လက်မ ခန့်ရှိ ဒေသန္တရ ခလုတ်မိုင်းတစ်လုံး၊ ဒီတိုနေတာ တစ်ချောင်း၊ ဓာတ်ခဲအိမ်တွဲလျက် ခလုတ်တစ်ခုနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent