Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့်လက်ကျန်ပွဲများအတွက် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဟန်ကျိုးမြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိ

Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့်လက်ကျန်ပွဲများအတွက် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဟန်ကျိုးမြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိ
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 9 May 2020

Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် ယခုလအတွင်းယှဉ်ပြိုင်ရမည့် ပထမအဆင့် လက်ကျန်ပွဲများအတွက် မေ ၇ ရက်မှ စ၍ ဟန်ကျိုးမြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

Chinese 8 Ball ပြိုင်ပွဲကို ချောင်ရန် မြို့တွင် ကျင်းပခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော် နေထိုင်သည့် ဟန်ကျိုးမြို့နှင့် ဝေးကွာသော်လည်း မေ ၁၅၊ ၁၆ ရက်မှသာ ပြန်လည်ကစား ရမည်ဖြစ်သောကြောင့် ဟန်ကျိုးမြို့သို့ပြန်၍ လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် မေ ၆ ရက်တွင် ချောင်ရန်မြို့မှ ဟန်ကျိုးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး မေ ၇ ရက်မှစ၍ ဟန်ကျိုးမြို့၌ လေ့ကျင့်လျက်ရှိသည်။

''ကျွန်တော်နေထိုင်တဲ့ ဟန်ကျိုးမြို့နဲ့ Chinese 8 Ball ပြိုင်ပွဲကျင်းပတဲ့ ချောင်ရန်မြို့က တော်တော်ဝေးပါတယ်။ အမြန်ရထားနဲ့ သွားတာတောင် ရှစ်နာရီကျော်လောက် စီးရပါတယ်။ မေ ၅ ရက်ပွဲအပြီးမှာ နောက်ပွဲတွေက တစ်ပတ်ကျော်လောက် လိုသေးတာကြောင့် ဟန်ကျိုးမြို့ကို ပြန်သွားတာဖြစ်ပါတယ်။ ဟန် ကျိုးမြို့မှာ မေ ၇ ရက်ကစပြီး ပြန်လေ့ကျင့်နေ ပါတယ်။ မေ ၁၅၊ ၁၆ ရက်မှာ ထိုးရမယ့်ပွဲတွေ အတွက် ပြိုင်ပွဲနီးမှ သွားရောက်မှာဖြစ်ပါတယ်''ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဘုန်းမြင့်ကျော်သည် ပထမအဆင့်ပွဲစဉ် ၅ နှင့် ၆ ယှဉ်ပြိုင်ကစားရန် မေ ၁၃ ရက်တွင် ချောင်ရန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် ၂၀၂၀ Chinese 8 Ball ပြိုင်ပွဲတွင် လက်စွမ်းပြကစား လျက်ရှိပြီး လေးပွဲကစား လေးပွဲစလုံး အနိုင်ရကာ ရမှတ် ၂၄၅၀၀ ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

လေးပွဲစီကစားပြီးသည့် ကစားသမားများအနက် ဘုန်းမြင့်ကျော်တစ်ဦးတည်းသာ ပွဲတိုင်းအနိုင်ရထားခြင်းဖြစ်ပြီး ယခုလလယ်ပိုင်း ယှဉ်ပြိုင်ကစားမည့်နှစ်ပွဲတွင် ရလဒ်ကောင်းပါက ဒုတိယအဆင့်သို့ စောစီးစွာ တက်ရောက်နိုင်မည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် တရုတ် ကစားသမားခုနစ်ဦးနှင့် ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံအပါအဝင် ကမ္ဘာ့ချန်ပီယံဟောင်းများလည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

ဘုန်းမြင့်ကျော်သည် လက်ရှိ ကမ္ဘာ့ချန်ပီယံ ကျန်ယူဘိုအပါအဝင် ကမ္ဘာ့ ချန်ပီယံဖြစ်ဖူးသည့် ကစားသမားသုံးဦးကို အနိုင်ရထားပြီး လက်ကျန်ကစားရမည့် သုံးပွဲတွင်လည်း ကမ္ဘာ့ချန်ပီယံဟောင်း နှစ်ဦး ပါဝင်နေသည်။

Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်များကို မေ ၃၁ ရက်အထိ ဆက်လက် ကျင်းပမည်ဖြစ်ပြီး အဆင့် ၁ မှ ၄ အထိ ရပ် တည်နိုင်သူလေးဦး၊ အဆင့် ၅ နှင့် ၆ နေရာရ နှစ်ဦး Play-off ကစား၍ အနိုင်ရသူတစ်ဦး၊ စုစုပေါင်းငါးဦး ဒုတိယအဆင့်သို့တက်ရောက် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent