မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် (၃) နှစ်စာချုပ်ဖြင့်ခန့်အပ်ထားသည့် ဘယ်လ်ဂျီယံနိုင်ငံသား နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်နှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဲရစ်အာဗရန်သည် ပြီးခဲ့သည့်လကတည်းက MFF ထံ နုတ်ထွက်စာတင်ထားခြင်းဖြစ်ပြီး MFF တာဝန်ရှိသူများနှင့် နည်းစနစ်ကော်မတီမှ တာဝန်ရှိသူများသည် ယင်းကိစ္စအတွက် ဆွေးနွေးပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲ ခဲ့ခြင်းဖြစ်သည်။

MFF သည် အဲရစ်အာဗရန်ကို (၃)နှစ် စာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သော်လည်း (၁)နှစ်ခွဲကျော်မှာပင် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး မေ (၁၅)ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
''နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်က ရာထူးကနုတ် ထွက်လိုကြောင်း ကျွန်တော်တို့ဆီကို တင်ပြခဲ့ပါတယ်။ အဲရစ်ရဲ့ နုတ်ထွက်စာအတွက် MFF နည်းစနစ်ကော်မတီ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးသဘောတူ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲရစ်အနေနဲ့ မေ (၁၅) ရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားခဲ့သည်။
MFF သည် အဲရစ်အာဗရန်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် (၃) နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး မြန်မာ့ဘောလုံးတိုးတက်ရေးနှင့် လက်ရွေးစင်အသင်းများ၏ ရည်မှန်းချက်များကို (၄) နှစ် စီမံကိန်းချမှတ်ကာ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် လက်ရွေးစင်အသင်းတိုင်း (၄-၃-၃)ကစားကွက်ဖြင့်ကစားရန် သတ်မှတ်ခဲ့ပြီး လက်ရွေးစင်အသင်းတိုင်း၏ ပြင်ဆင်မှု၊ နည်းပြခန့်အပ်မှုများကို ၎င်းင်းစိတ်ကြိုက် လုပ်ဆောင်ခွင့်ပြုခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် လက်ရွေးစင်အသင်းအားလုံး၏နည်းပြများကို ပြန်လည်အတည်ပြုခဲ့ပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနည်းပြ ချုပ် ဦးကြည်လွင်ကို AFC (အေ) နည်းပြလိုင်စင်မရှိခြင်း၊ စည်းကမ်းပိုင်းအားနည်းခြင်းတို့ကြောင့် (၃)လစာ လျော် ကြေးပေး၍ ရာထူးမှထုတ်ပယ်ခဲ့ရာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ယှဉ်ပြိုင် သည့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာဘောလုံးအသင်း များ အောင်မြင်မှုမရခြင်းနှင့် ရလဒ်မကောင်းခြင်းတို့ကြောင့် ၎င်းအသုံးပြုရန် သတ်မှတ်ထားသည့် (၄-၃-၃) ကစား ကွက်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့ပြီး ၂၀၁၉ နှစ်လယ်ပိုင်းတွင် လုပ်ပိုင်ခွင့်များကန့်သတ်ကာ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကိုသာ ဦးစားပေးလုပ်ဆောင်စေခဲ့သည်။

ယင်းနောက်ပိုင်းတွင် MFF သည် လက်ရွေးစင်အသင်း များ၏ ပြင်ဆင်မှု၊ နည်းပြခန့်အပ်မှုများအတွက် နည်းစနစ်ကော်မတီအသစ် ဖွဲ့စည်းကာ ဆောင်ရွက်စေခဲ့ပြီး ဥက္ကဋ္ဌအဖြစ် လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးသန်းတိုး အောင်ကို တာဝန်ပေးခဲ့သည်။
အဲရစ်အာဗရန်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ နာမည် ကြီးဘောလုံးသမားများကို မွေးထုတ်ပေးခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံတွင် တာဝန်မထမ်းဆောင်မီ သြစတြေးလျဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ သည်။
MFF သည် ဇန်န ၀ါရီ (၃၀)ရက်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း နည်းစနစ်ကော်မတီကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ပါဝင်မည့် အဖွဲ့ဝင်စာရင်းကို မကြာမီအတည်ပြုသွားမည် ဖြစ်သည်။
MFF နည်းစနစ်ကော်မတီဥက္ကဋ္ဌအဖြစ် ဦး သန်းတိုးအောင်က ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး MNL ကလပ်များမှ နည်းပြများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။















