ကယားပြည်နယ်အစိုးရအဖွဲ့ရှိ ဌာနဆိုင်ရာအချို့တွင် အရာရှိဦးရေထက် ယာဉ်အစီးရေ များနေသည့်အပြင် အသုံးပြုခြင်းမရှိဘဲ ပြုပြင်ထိန်းသိမ်း စရိတ်များတင်နေရာ အလေးထားစစ်ဆေးပေးရန် ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်ကော်မတီက ပြောကြားသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို မေ ၇ ရက်တွင် စတင်ကျင်းပရာ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များနှင့် စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော ယာဉ်နှင့် စက်ပစ္စည်းများ ပြင်ဆင်ကြီးကြပ်မှု ကော်မတီမှ အသုံးစာရိတ်များ ခွင့်ပြုပေးပြီးနောက် ထုတ်ယူသုံးစွဲသည့် ဌာနများမှ မော်တော်ယာဉ်များကို မြေပြင်တွင် အမှန်တကယ် ပြင်ဆင်ထိန်းသိမ်းခြင်းရှိ/ မရှိ၊ မောင်းနှင်နိုင်ခြင်း ရှိ/ မရှိ အလေးထားစစ်ဆေးပေးရန်နှင့် ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး အစီရင်ခံစာအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်အီမှ လွှတ်တော်တွင်တက်ရောက်ဖတ်ကြားရာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်နယ်မှာက ဌာနဆိုင်ရာတချို့ အစိုးရအဖွဲ့တွေပေါ့နော်။ အရာရှိထက်ယာဉ်များတယ်။ ဥပမာအရာရှိ နှစ်ယောက်ဆိုယာဉ်က သုံးစီး။ တစ်ခါတလေ ဒီယာဉ်တွေက မသုံးဘဲနဲ့ ပြင်ထိန်းစရိတ်တွေကို တောင်းခံတာကို တွေ့ရပါတယ်။ စက်သုံးဆီတွေရော။ဆိုတော့ ဒီချိန်မှာ တကယ်အမှန်တကယ်သုံးလို့ ပြင်စရာရှိလို့ ပြင်ရလား သူတို့မလေ့လာဘူး။ တချို့ ကျွန်တော်တို့တွေ့တာက ကျွန်တော်တို့ ဒီပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က သူတို့မပြင်ဘဲနဲ့ ပြင်တယ်လို့ပြောပြီးမှ သူတို့ပုံမှန်ထုတ်တဲ့ သဘောပေါ့နော်။ သူများနဲ့တန်းတူပဲ ဖြစ်တယ်။ နောက်နောင် ဒီလိုမဖြစ်စေဖို့ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း အနေနဲ့ ကြိုတင်သတိပေးတဲ့ သဘောပါ” ဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီဝင် ဦးနော်အီက လွှတ်တော်အပြီးတွင် သတင်းထောက်များအား ပြောကြားသည်။
ဒေသတွင်းရှိ ဌာနစုစုပေါင်းအရေအတွက်မှာ ၈၆ ခုဖြစ်ပြီး ဒေသဘတ်ဂျက်ဌာန အဖွဲ့အစည်း ၂၄ ဖွဲ့အတွင်းမှ အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များတွင် အသုံးစာရိတ်များနေကြောင်း ကော်မတီထံမှသိရသည်။
၎င်းတို့အနက် လုပ်ငန်းဌာနမဟုတ်ဘဲ စီမံခန့်ခွဲရေးဌာနဖြစ်သောအစိုးရအဖွဲ့၊ မီးသတ်ဦးစီးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအသုံးစာရိတ်များမှာ လုပ်ငန်းဌာနများနည်းတူ မြင့်မားနေသည်ကို တွေ့ရကြောင်းလည်း ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ အနေဖြင့် တွေ့ရှိချက်အဖြစ် တင်ပြထားကြောင်း သိရသည်။
ပြည်ထောင်စု လိုငွေထောက်ပံ့ကြေး ၇၉ ဒသမ ၉ ဘီလျံကျော်နှင့် ဒေသတွင်းအမှန် တကယ်ရငွေ ၉ ဘီလျံပေါင်း ၈၈ ဒသမ ၉၃ ဘီလျံကို ဒေသဘတ်ဂျတ်ဌာန ၂၄ ဖွဲ့ကသာ သုံးစွဲနေရသဖြင့် ဘတ်ဂျတ်အရ များပြားနေကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်ဌာန ၆၀ ကျော်၏ စုစုပေါင်း အသုံးစာရိတ်မှာ ဒေသဘတ်ဂျတ်ပါ ဌာန ၂၄ ခု၏ စုစုပေါင်းအသုံးစရိတ်နှင့် မကွာသောကြောင့် ပြည်ထောင်စု ဘတ်ဂျတ်ပါ ဌာနများမှာ ဘတ်ဂျတ်အရနည်းပြီး ဒေသဘတ်ဂျက်ဌာနများမှာ အရများလျက်ရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း ဦးနော်အီမှ လွှတ်တော်တွင် တင်ပြသည်။
ရငွေအပိုင်းတွင်လည်း ငွေလုံးငွေရင်းရ ငွေနှင့်အခွန်ရငွေများ ကောက်ခံရရှိမှုမှာ လွန်စွာနည်းပါးသည့်အပြင် လျာထားချက်မှာလည်း အမှန်စာရင်းများထက် လျော့နည်းလျက်ရှိသည်ကို စိစစ်သုံးသပ်တွေ့ရှိရကြောင်း၊ အထူးသဖြင့် အခွန်များကောက်ခံနေသော ဌာနများ၏ အခွန်လျာထားချက်မှာ လွန်စွာလျော့နည်းလျက်ရှိပြီး စာရင်းစစ်ချုပ် အစီရင်ခံစာပါ အမှန်ရငွေနှင့် အဆမတန်ကွာခြားနေသည်မှာ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်ရာတွင် အဓိကအချက်ဖြစ်သည်ကို သတိချပ်သင့်ကြောင်း ဦးနော်အီက လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ပြင် လျာထားဘတ်ဂျက်များတွင် စီမံခန့်ခွဲမှု အသုံးစရိတ် များပြားနေခြင်းနှင့် ရုံးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးများသာ များပြားနေခြင်းကိုလျော့ချပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းမည့် အသုံးစရိတ်များအား လျာထားရန်၊ အရာရှိများအတွက် ဖုန်းငွေဖြည့်ကတ်များ ထုတ်ယူရာတွင် ဌာနတစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားမှုဖြစ်နေသည်ကို အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် အကြံပြုတင်ပြထားကြောင်းလည်း သိရသည်။















