ကျိုက်မရောမြို့နယ်မှ COVID-19 အတည်ပြုလူနာ Case-27 ရောဂါပျောက်ကင်း သွားသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရ

ကျိုက်မရောမြို့နယ်မှ COVID-19 အတည်ပြုလူနာ Case-27 ရောဂါပျောက်ကင်း သွားသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရ
Published 7 May 2020
ဘိုဘိုမြင့်

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာမှ COVID-19 အတည်ပြုလူနာ Case-27 မှာ ရောဂါပျောက်ကင်း သွားသည် ဆိုသည့်အတွက် မေလ ၇ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံရှိ Hospital Quarantine Ward မှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။

“ဒီလိုရောဂါ မဖြစ်ရအောင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားကြပါတယ်။ အပြင်ကိုလည်း သိပ်ပြီးတော့ သွားလာတာတွေ မလုပ်ကြပါနဲ ့။ ရောဂါမဖြစ်ရအောင် အိမ်မှာဘဲ နေပေးကြပါ" ဟု အဆိုပါ Case-27 အမျိုးသမီးက ပြောကြားသည်။

“အခုလို ဆေးရုံက ဆင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မဆေးရုံမှာ နေနေရတာ ၂၈ ရက်ရှိသွားပါပြီး။ စောင့်ရှောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေအိမ်သို ့ပြန်လည်ရောက်ရှိ သွားပါကလည်း Home Quarantine အဖြစ် ဆက်လက်နေထိုင်ရန်နှင့် အပြင်မထွက်ရန် မှာကြားထားကြောင်း ပြည်နယ်ပြည်သူ ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောကြားသည်။

“လိုအပ်ရင်တော့ နှစ်ပတ်ကြာတဲ့ အခါမှာ ပြန်ကြည့်ပါမယ်။ လိုအပ်ရင် ဆေးစစ်မှုတစ်ကြိမ် လုပ်ဆောင်သွားမှာပါ” ဟု ဒေါက်တာကျော်မြင့်က ဆက်လက်ပြောကြားသည်။

အဆိုပါ Case-27 အမျိုးသမီးအား မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ၊ သာသနာနွယ်ဖောင်ဒေးရှင်း၊ မော်လမြိုင် အရေးပေါ် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘိုဝင်း အရေးပေါ် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တို့မှ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးနောက် ဘိုဘိုဝင်း အရေးပေါ် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ယာဉ်ဖြင့် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာရှိ ၎င်း၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ COVID-19 အတည်ပြုလူနာ Case-27 လူနာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၀ ရက် နံနက် ၃ နာရီက ထုတ်ပြန်​ချက်အရ COVID-19 ရောဂါပိုး တွေ့ရှိ၍ ၎င်းအား ကျိုက်မရော မြို့နယ်ဆေးရုံမှတဆင့် မော်လမြိုင် အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း၊ အဆိုပါ Case-27 ၏ ဒုတိယအကြိမ် ဆေးစစ်ချက် အဖြေအား ဧပြီလ ၂၁ ရက်က ထပ်မံထုတ်ပြန်ရာတွင် COVID-19 ရောဂါပိုး မတွေ့ရှိရတော့ကြောင်းနှင့် ဧပြီလ ၂၃ ရက်က ၎င်း Case-27 ၏ ဆေးစက်ချက် နမူနာအား အမျိုးသားဓါတ်ခွဲဌာန (ရန်ကုန်) သို့ တတိယအကြိမ် ထပ်မံပေးပို့ စစ်ဆေးခဲ့ရာ ဆေးစစ်ချက် အဖြေမှာလည်း COVID-19 ရောဂါပိုး မတွေ့ရကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ Case-27 သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာတွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာ ခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ တစ်လခန့်ကြာ ဆေးရုံတက်ရောက် ကုသခဲ့ကြောင်း၊ (၂၀-၃-၂၀၂၀) ရက်တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျွန်းရွာကျေးရွာသို ့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေရာမှ (၂၉-၃-၂၀၂၀) ရက်တွင် သတ်မှတ်နေရာသို ့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ခြင်း/တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်တွင် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

 

Most Read

Most Recent