မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲတွင် ပရိသတ်များ၏ဆန္ဒမဲဖြင့် ရမှတ်ပေးသည့်စနစ်ထည့်သွင်းထားပြီး အခကြေးငွေဖြင့် မဲပေးနိုင်မည်

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲတွင် ပရိသတ်များ၏ဆန္ဒမဲဖြင့် ရမှတ်ပေးသည့်စနစ်ထည့်သွင်းထားပြီး အခကြေးငွေဖြင့် မဲပေးနိုင်မည်
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 7 May 2020

မြန်မာ ool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီ ဝင်ရောက်ယှဉ်ပြိုင်နေသည့်  Chinese 8 Ball ပြိုင်ပွဲတွင် ပရိသတ်၏ဆန္ဒမဲဖြင့် ရမှတ်ပေးသည့်စနစ် ထည့်သွင်းထားကြောင်း သိရသည်။

Chinese 8 Ball ပြိုင်ပွဲကျင်းပရေးကော်မတီသည် အခကြေးငွေဖြင့် ဆန္ဒမဲပေးနိုင်သည့်စနစ် ထည့်သွင်းထားပြီး အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် Zhibo.tv မှတစ်ဆင့် မဲပေးရမည်ဖြစ်သည်။

ပရိသတ်များ၏ ဆန္ဒမဲများကိုတွက်ချက်၍ တစ်ပတ်လျှင်တစ်ကြိမ် ရမှတ်များထုတ်ပြန်ပေးခြင်းဖြစ်ပြီး တစ်ပတ်လျှင် မဲအများဆုံးရရှိသည့် ကစားသမားသုံးဦးကို ရမှတ်များတွက်ချက်ပေးကြောင်း သိရသည်။

မဲအများဆုံးရရှိသည့် ကစားသမားမှာ ရမှတ် ၁၀၀၀၊ ဒုတိယအများ ဆုံးရရှိသည့် ကစားသမားမှာ ရမှတ် ၈၀၀ နှင့် တတိယအများဆုံးရရှိသည့်ကစားသမား မှာ ရမှတ် ၅၀၀ ရရှိမည်ဖြစ်သည်။

ပရိသတ်များအနေဖြင့် ယင်းပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် ကြိုက်နှစ်သက်သည့်ကစားသမားကို မဲပေးနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ဖုန်းနံပါတ်ဖြင့် မဲပေးရခြင်းဖြစ်သည်။

မဲပေး လိုသူများအနေဖြင့် တရုတ်နိုင်ငံဖုန်းနံပါတ်အပြင် ငွေပေးချေနိုင်သည့် Ali Pay (သို့ မဟုတ်) WeChat Pay ရှိရန် လိုအပ်ကြောင်း ဘုန်းမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။

ပြိုင်ပွဲကို ဧပြီ ၁၈ ရက်မှစ၍ အပတ်စဉ်ကျင်းပနေခြင်းဖြစ်ပြီး ပရိသတ်၏ ဆန္ဒမဲကို တစ်ပတ်လျှင် သုံးဦးသာရွေးချယ်၍ ရမှတ်တွက်ချက်ခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတတိယပတ်တွင် ပရိသတ်များပေးသည့် ဆန္ဒမဲကြောင့် ရမှတ် ၅၀၀ ရရှိခဲ့ပြီး လေးပွဲနိုင်သည့် ရမှတ်အပြင် ပရိသတ်ဆန္ဒမဲကြောင့် ရမှတ်စုစုပေါင်း ၂၄ç၅၀၀ ရရှိထား ခြင်းဖြစ်သည်။

''ပြိုင်ပွဲကျင်းပရေးက ပရိသတ်ရဲ့ ဆန္ဒမဲကိုပါထည့်သွင်းပြီး ရမှတ်တွက်ချက်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို တိုက်ရိုက်လွှင့်နေတဲ့အချိန်မှာ ပရိသတ်တွေအနေနဲ့ ကိုယ်အားပေးချင်တဲ့သူကိုရွေးပြီး မဲပေးရတာဖြစ်ပါတယ်။ တစ်ခါမဲပေးရင် မြန်မာငွေ ကျပ် ၂၀၀ ကုန်ကျပါတယ်။ ဒါပေမဲ့ တရုတ်ဖုန်းနံပါတ်ရှိဖို့လိုအပ်တဲ့အပြင် ငွေပေးချေနိုင်တဲ့ Pay တွေလည်း ရှိဖို့လိုပါတယ်။ ပြိုင်ပွဲတတိယပတ်မှာတော့ တရုတ်နိုင်ငံမှာရှိတဲ့ ပရိသတ်တွေ Vote ပေးလို့ ရမှတ် ၅၀၀ ရခဲ့ပါတယ်။ တရုတ်ကစားသမားတွေက အင်အားတောင့်တင်းတဲ့အတွက် ပရိသတ်မဲအများကြီးရဖို့တော့ မလွယ်ပါဘူး။ တစ်ပတ်ကို မဲအများဆုံးရတဲ့ သုံးဦးကိုပဲ ရမှတ်ထည့်သွင်းပေးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံက ကျွန်တော့်ကို အားပေးနေတဲ့သူတွေရော၊ တရုတ်နိုင်ငံက ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်''ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မေ ၅ ရက် ပွဲစဉ်များအပြီးအထိ ပရိသတ်၏ ဆန္ဒမဲဖြင့် ရမှတ်ရရှိထားသူ လေးဦးသာရှိပြီး ဘုန်းမြင့်ကျော်မှာမူ ပြိုင်ပွဲတတိယပတ်တွင် ပရိသတ်မဲဆန္ဒကြောင့် ရမှတ် ၅၀၀ စတင်ရရှိခဲ့ခြင်းဖြစ်သည်။

ပရိသတ်၏ ဆန္ဒမဲတွင် ယူဟိုင်ထောင်က အများဆုံးရရှိထားပြီး ရမှတ် ၂၀၀၀ အထိ ရရှိထားကြောင်း သိရသည်။

ပထမအဆင့်ပွဲစဉ်များကို မေ ၃၁ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အပတ်စဉ် ပရိသတ်၏ ဆန္ဒမဲရမှတ်ကိုပါ ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။

Most Read

Most Recent