မြဝတီမြို့တွင် ညမထွက်ရအမိန့်ကို ဆန့်ကျင်သဖြင့် ဖမ်းဆီးရမိနေသူများတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူအများစု ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီရမိသူများတွင် မြဝတီဒေသခံက အနည်းစုဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူအများစု ပါဝင်ကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို က ပြောကြားသည်။
“ ည ၁၀ နာရီနဲ့ မနက် ၄ နာရီအတွင်းမှာ အကြောင်းပြချက် ခိုင်လုံစွာရှိဘဲ အပြင်မထွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ခုလို ဖမ်းဆီးရမိတာဟာလည်း မြဝတီမြို့ခံ၊ ဒေသခံတွေ နည်းပါးပြီး အိမ်ခြေယာမဲ့တွေ၊ ခိုးဆိုးလုနှိုက်တွေ၊ ခုတလောကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေ များပါတယ်”ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောကြားသည်။
ဧပြီ ၂၁ ရက်မှ မေ ၅ ရက်ထိ ညမထွက်ရအမိန့် မလိုက်နာ၍ ဖမ်းဆီးရမိသူ စုစုပေါင်း ၃၂၇ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း သွားလာမှုမရှိစေရန် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရပ်ကွက် ၅ ရပ်ကွက် စုပေါင်းလှည့်ကင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပါဝင်သည့် ဗဟိုလှည့်ကင်းအဖွဲ့ဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မေ ၅ ရက်ညက ဗဟိုလှည့်ကင်းအဖွဲ ့ လှည့်ကင်းဆောင်ရွက်စဉ် ညမထွက်ရအမိန့်အား လိုက်နာမှုမရှိသူကို ဖမ်းဆီးရာမှ ဖွင့်လှစ်ခွင့်မရှိသည့် COVID-19 အရေးပေါ်ကာလတွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံ တစ်ခုကို ဖမ်းဆီရမိခဲ့ပြီး လောင်းကစားစက် ခြောက်လုံးနှင့် ငါးဂိမ်းလောင်းကစားနေသူ ၁၀ ဦးကိုလည်း ဖမ်းဆီရမိခဲ့သည်။
ကရင်ပြည်နယ်အစိုးရ၏ မြဝတီမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ချက်အပေါ် မြဝတီမြို့ခံတစ်ဦး ဖြစ်သူ ဦးဝင်းဇော်က “တခြားမြို့မှာ ညမထွက်ရအမိန့်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ လျော့နည်းလာပေမဲ့ မြဝတီမြို့မှာတော့ တိုးလာနေတာသာ တွေ့ရှိရပါတယ် “ ဟု ပြောကြားသည်။
WHO အဖွဲ့မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာထားသည့် COVID-19 ကူးစက်ရောဂါအား ထိန်းချုပ်ရေးနှင့် နယ်စပ် မြဝတီမြို့တွင် အရေးပေါ်တုန့်ပြန်ရေးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အများပြည်သူ လိုက်နာနိုင်ရန် တားမြစ်ပိတ်ပင်သည့်အမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။















