၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ပြည်ပလေ့ကျင့်ခရီးစဉ်သွားရောက်ရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ အတည်ပြုနိုင်ရန် ခက်ခဲနေ

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ပြည်ပလေ့ကျင့်ခရီးစဉ်သွားရောက်ရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ အတည်ပြုနိုင်ရန် ခက်ခဲနေ
Photos : MFF
Photos : MFF
Published 5 May 2020

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ ကျင့်ရေးခရီးတွင် ပြည်ပလေ့ကျင့်ရေးအစီအစဉ်များပါဝင်သော်လည်း COVID-19 ရောဂါ၏အခြေအနေအရ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောကြားသည်။

''ဆူဇူကီးပြိုင်ပွဲအတွက်ကတော့ ပြောဖို့ စောပါသေးတယ်။ လိဂ်ရဲ့အခြေအနေကို ကြည့်ပြီးမှ ပြင်ဆင်မှုအပိုင်းကို လုပ်ရမှာဖြစ်ပါ တယ်။ အားလုံးကတော့ COVID-19ရဲ့ ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်နိုင်မှုအပေါ်မူတည်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း လက်ရွေးစင်အသင်းရဲ့ ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး ပြင်ဆင်ထားစရာရှိတာတွေကို အကုန်ပြင် ဆင်ထားရမှာပါ။ ဆူဇူကီးပြိုင်ပွဲအတွက် အရင်က စီစဉ်ထားတာကတော့ ပြည်ပကို လေ့ကျင့်ရေးခရီးထွက်မှာတွေပါတယ်။ ဒါ တွေကိုလည်း နည်းပြချုပ်က ပြင်ဆင်ထားပြီး တင်ပြဖို့ရှိတယ်လို့ပြောတယ်။ လက်ရှိအခြေအနေမှာကတော့ စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်ရတော့မှာဖြစ်တယ်''ဟု  ဦးကိိုကိုသိန်းက ပြောကြားသည်။

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကို လာမည့်ဒီဇင်ဘာတွင် ကျင်းပရန် စီစဉ် ထားသော်လည်း ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွား နေသည့် COVID-19ရောဂါအခြေအနေအရ ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းများအနေ ဖြင့် လေ့ကျင့်ရေးအစီအစဉ်များ ရေးဆွဲရန် အခက်တွေ့နေကြောင်း သိရသည်။

ပြည် တွင်းရှိ MNL အမှတ်ပေးပြိုင်ပွဲမှာ နှစ်စဉ် စက်တင်ဘာလကုန်၌ ပြီးဆုံးလေ့ရှိပြီး ယင်း ပြိုင်ပွဲများအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပြိုင်ပွဲများအတွက် ဆက်လက်ပြင်ဆင်လေ့ရှိသည်။

လက်ရှိအချိန်တွင်မူ COVID-19 ရောဂါကြောင့် MNL ပွဲစဉ်များ ရပ်နားထားရပြီး ပြန်လည် ကျင်းပနိုင်မည့်အချိန်ကို ဆုံးဖြတ်ရခြင်းမရှိသေးသဖြင့် ရာသီပြီးဆုံးချိန်ကိုလည်း ရွှေ့ ဆိုင်းရဖွယ်ရှိနေသည်။

လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ထိန်းချုပ်နိုင်မှုအခြေ အနေအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုများကို စောင့်ကြည့် နေရဆဲဖြစ်သည်။

MNL ပြိုင်ပွဲမှာ ပွဲစဉ် (၁၀) အထိ ရောက်ရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent