ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပါက ပိတ်ဆို့ကန့်သတ်မှုများကို ယခင်အတိုင်း အသင့်ပြန်လည်ထားရှိနိုင်ရန်နှင့် COVID-19 ကပ်ရောဂါကို သတိဖြင့် ကာကွယ်တားဆီးနေချိန်တွင် နိုင်ငံများအနေဖြင့် Lockdown ချထားမှုများကို ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁ ရက်တွင် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ အကျဉ်းထောင်များ၊ ရေရှည်ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဆောက်အအုံများ၊ ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် အဆောင်များအပါအဝင် လူအိုရုံများတွင် နေထိုင်သော ကိုယ်ခံအားနည်းသူများကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ပေးထားရမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်လျှင်ပင် လူ့အဖွဲ့အစည်းများအနေဖြင့် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံလုပ်ဆောင်ခြင်းတို့ကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သေးသည်ကို သိရှိနားလည်ရမည်ဖြစ်ကာ သံသယ လူနာများကို ရောဂါပိုး စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာပညာရှင် ဒေါက်တာ မိုက်ရိုက်ယန်က ပြောကြားခဲ့သည်။
ဥရောပနှင့်မြောက်အမေရိကတွင် သက်ကြီးရွယ်အိုများနေထိုင်သည့် အဆောက်အအုံများအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ပြီး စင်ကာပူတွင် ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ အဆောင်များတွင် ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုကဲ့သို့သောနေရာများတွင် ဖြစ်ပွားသော ကူးစက်မှုတစ်ခုသည် မီးတောက်ကဲ့သို့ အလွန်လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသည့်အဖြစ်သို့ ရောက်ရှိစေကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။ “လူမှုရေးနဲ့ စီးပွားရေးအကြောင်းရင်းတွေကြောင့် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း Lockdown ဆက်လက်ချထားဖို့ အစိုးရအဖွဲ့တွေအတွက် အခက်အခဲ ဖြစ်နေတယ်ဆိုတာကို WHO က နားလည်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တင်းကျပ်တဲ့ စီမံဆောင်ရွက်ချက် အနည်းအကျဉ်းနဲ့ ကူးစက်ရောဂါကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်ဖို့ ကျွန်တော်တို့ စိတ်စောနေကြတယ်။ စီမံဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ အလွယ်တကူ ဖြေလျှော့လိုက်ပြီးတဲ့နောက်မှာ ကူးစက်မှုတစ်ကျော့ပြန် မြင့်တက်လာခဲ့ရင် ပိတ်ဆို့ကန့်သတ်မှုတွေကို အရင်အတိုင်း ပြန်လုပ်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အချို့သော အနောက်နိုင်ငံများတွင် Lockdown ချထားမှုများကို စတင်ဖြေလျှော့နေကြသော်လည်း ဟေတီမှ ဆိုမာလီယာ၊ ယင်းနောက် ယီမင်သို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဦးတည်ခဲ့ပုံများနှင့် ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ဆီရာ ယာလီယွန်၊ ဗဟိုအာဖရိက၊ နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ ကာနိုမြို့တွင်း၌ လူအစုလိုက် အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုများအပေါ် စိုးရိမ်နေကြကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။ WHO အကြီးအကဲ တီဒရော့စ် အက်ဟာနွန်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာခဲ့သော ဇန်နဝါရီ ၃၀ ရက်သည် ကူးစက်ရောဂါကို တု့ံပြန်ဆောင်ရွက်ရန် ကျန်ကမ္ဘာ့နိုင်ငံများအတွက် အချိန် လုံလုံလောက်လောက်ရကြောင်း၊ ထိုအချိန်တွင် တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၂ ဦးသာရှိပြီး လူသေဆုံးမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ မကြေညာမီရက်များအတွင်း WHO အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့်အကြောင်းကို ပိုမိုလေ့လာရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်စဉ်အတွင်း သုတေသနပညာရှင်များ စေလွှတ်ရန် တရုတ်နှင့် သဘောတူညီချက်လည်း ရရှိခဲ့ကြောင်း တီဒရော့စ်က ပြောကြားခဲ့သည်။
အမှန်တကယ်၌ Lockdown ကိစ္စနှင့်ပတ်သက်၍ WHO က ထုတ်ပြန်သည့် အကြံပြုချက်ထက် မိမိနိုင်ငံ၏ အခြေအနေရပ်အသီးသီးအပေါ် အခြေပြုလျက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ရေးသာ ပို၍ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေလ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








