ရခိုင်ပြည်နယ်တွင် WHO ၏ မော်တော်ယာဉ်ကို AA အဖွဲ့က ပစ်ခတ်ခဲ့သည်မှာ ရှင်းရှင်းလင်းလင်းဖြစ်ပြီး ပိုမိုရှင်းလင်းရန် စုံစမ်း စစ်ဆေးရေးကော်မတီဖွဲ့စည်း ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားသည်။
မေ ၁ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက WHO ၏မော်တော် ယာဉ်ပစ်ခတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးကော်မတီဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
WHO ၏မော်တော်ယာဉ်ပစ်ခတ်ခံရမှုတွင် ကုလသမဂ္ဂဝန်ထမ်းတစ်ဦးသေဆုံးခဲ့သဖြင့် သက်ဆိုင်ရာနိုင်ငံက နိုင်ငံတကာမှ ရှင်းရှင်းလင်းလင်းသိရှိစေရန် စုံစမ်းစစ်ဆေးကော်မတီဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“နံပါတ်တစ်ကတော့ ဒါက AA ပစ်တာ ရှင်းနေတာ။ ရှင်းရှင်းလင်းလင်းလည်း ဖြစ်တယ်။ အဲဒါကို ဘာကြောင့် စုံစမ်းစစ် ဆေးရလည်းဆိုရင် WHO က ဝန်ထမ်း တစ်ယောက်သေသွားလို့ပဲ။ နိုင်ငံတကာ ဝန် ထမ်းတစ်ယောက်ပေါ့။ ကုလသမဂ္ဂဝန် ထမ်းတစ်ယောက်သေသွားတယ်။သေသွား တဲ့ သက်ဆိုင်ရာ နိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းစစ်ဆေးဖို့ လုပ်တာဖြစ်တယ်။ အဲဒီမှာ ဘယ်လိုနည်းလမ်းလုပ်မလဲဆိုရင် နိုင်ငံတ ကာစံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့ဆိုပြီး သူ့ရဲ့လုပ်ငန်းတာဝန် တွေမှာထည့်ထားတယ်။ အဲဒီတော့ သူ့ရဲ့ စုံစမ်းစစ်ဆေးတဲ့အခါမှာ ဘယ်နည်းလမ်းနဲ့ လုပ်လဲ။ နိုင်ငံတကာယုံကြည်စိတ်ချနိုင် အောင် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော် တို့ ပေးထားတာဖြစ်တယ်။နောက်တစ်ခုက ဒီအဖွဲ့ကို ပေးထားတဲ့ Mandate တွေကို ကြည့်လိုက်ပါ” ဟု ဦးဇော်ဌေးက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပိုင် မော်တော်ယာဉ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း နှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းကြောင်း ဧပြီ ၂၈ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့နှစ်ဦးတို့ ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို လည်း ထည့်သွင်းဖော်ပြထားသည်။
“ဖွဲ့စည်းမိန့်မှာဆိုရင် နောက်ဆုံး ဒုတိယမြောက်အပိုဒ်မှာ ထည့်ထားတယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်ပေါ့နော်။ ဒီအဖွဲ့ကို ဘယ်လိုလုပ် ပိုင်ခွင့်ပေးထားလဲ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေကြိုက်တဲ့သူကို ခေါ်ပြီးတော့ မေး မြန်းနိုင်တယ်။ အချက်အလက်တွေ တောင်း ယူနိုင်တယ်။ သူ့ကို ကျွန်တော်တို့က Mandate အပြည့်အဝ ပေးထားတာဖြစ်ပါတယ်။အဲဒီတော့ ဒီကော်မတီအနေနဲ့လည်း ထိထိ ရောက်ရောက်လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ဘာကြောင့်လုပ်ရတာလဲဆိုတော့ WHO Local Staff တစ်ယောက် သေသွားတဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးတာဖြစ် တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံထား ရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖက် နမူနာများကို ဧပြီ ၂၀ ရက်က ရန်ကုန်မြို့သို့ ပို့ ဆောင်ရန် WHO အဖွဲ့ပိုင် ယာဉ်ဖြင့် သယ် ယူလာစဉ် ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ရာမောင်ဇက်ဆိပ်အနီးတွင် အဆိုပါမော်တော်ယာဉ်သည် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ယာဉ်ပေါ်ပါသူ နှစ်ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့ကာ ယာဉ် မောင်းဖြစ်သူ အမျိုးသားမှာ မင်းပြားပြည်သူ့ ဆေးရုံတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။















