ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လုပ်သားအင်အားထုတစ်ခုလုံး၏ ထက်ဝက်ကျော်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအလုပ်များ ပျက်စီးမည့် လက်ငင်းအန္တရာယ်ကို ကြုံတွေ့နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ဧပြီ ၂၉ ရက် တွင် သတိပေးခဲ့သည်။ တရားဝင်မဟုတ်သော စီးပွားရေး (Lockdown ကာလအတွင်း အခြေခံကာကွယ်မှုများ မရရှိခြင်း၊ အိမ်မှနေ၍ အလုပ်လုပ်ရန် မဖြစ်နိုင်ခြင်း၊ ဝင်ငွေအစားထိုး မရနိုင်ခြင်းစသည်အချက်တို့ဖြင့် သတ်မှတ်ထား) တွင် လုပ်ကိုင်နေကြသည့် အဆိုပါလုပ်သားများအပေါ် အန္တရာယ်ကျရောက်နေခြင်းဖြစ်ပြီး ၎င်းတို့၏ လေးပုံသုံးပုံခန့်ရှိသော လုပ်သားအင်အား ၁.၆ ဘီ လျံခန့်သည် ယခုနှစ် ဒုတိယသုံးလပတ်တွင် အလုပ်အကိုင်ဆုံးရှုံးရန်အန္တရာယ် ကြုံနေရကြောင်း ILO က ထုတ်ပြန်ခဲ့သည်။
COVID- 19 ကပ်ရောဂါကြောင့် အလုပ်လုပ်ချိန်များ ထပ်မံ၍ အများအပြားကျ ဆင်းနိုင်သောကြောင့် ထိုအလုပ်သမားများသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအလုပ်များ ပျက်ပြားမည့် လက်ငင်းအန္တရာယ် ရှိနေကြကြောင်း ကုလသမဂ္ဂအလုပ်သမားများဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းသည် ILO က ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့် ကမ္ဘာ့လုပ်သားထုနှင့် ပတ်သက်၍ တတိယမြောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမြဲတမ်း အထိအနာဆုံးဖြစ်သော အလုပ်ကြမ်းသမားစျေးကွက်တွင် ခုခံနိုင်စွမ်း အနည်းဆုံးသူများအပေါ် သက်ရောက်မှုကို ILO က သတိပေးခဲ့သည်။ လူ ၁.၆ ဘီလျံသည် အသက်ရှင်သန်နိုင်ရေးအတွက် ဝင်ငွေရှာနိုင်စွမ်း အကြီးအကျယ် ထိခိုက်မည့် အနေအထား၌ ရှိနေကြောင်း ILO ၏ ညွှန်ကြားရေးမှူး ဂိုင်းရိုက်ဒါက ပြောကြားခဲ့သည်။ ကမ္ဘာ့လုပ်သားအင်အားထုသည် ၃.၃ ဘီလျံ ရှိပြီး ၎င်းတို့အနက် နှစ်ဘီလျံကျော်သည် တရားဝင်မဟုတ်သော စီးပွားရေးတွင် လုပ်ကိုင်နေကြကြောင်း ILO က ထုတ်ပြန်ခဲ့သည်။
နေအိမ်တွင် နေထိုင်ရခြင်းသည် ၎င်းတို့၏အလုပ်အကိုင်များ ဆုံးရှုံးရခြင်းဖြစ်ပြီး လုပ်ခများမရရှိပါက ၎င်းတို့တွင် စားစရာများ ရရှိလိမ့်မည် မဟုတ်ကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ကမ္ဘာတစ်ဝန်း တရားဝင်မဟုတ်သော စီးပွားရေးတွင် လုပ်ကိုင်နေကြသူ ၇၆ ရာခိုင်နှုန်းကို ကိုယ်စားပြုသော လုပ်သားအင်အား ၁.၆ ဘီလျံနီးပါးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တိုက်ဖျက်ရန် ချမှတ်ခဲ့သော Lockdown စီမံချက်များကြောင့် သို့မဟုတ် အထိနာဆုံးကဏ္ဍများတွင် လုပ်ကိုင်နေရခြင်းကြောင့် ကြီးကြီးမားမား သက်ရောက်မှု ခံစားရမည်ဖြစ်ကြောင်း ILO က ထုတ်ပြန်ခဲ့သည်။ ယင်းလုပ်သားထု၏ ၉၅ ရာခိုင်နှုန်းကျော်သည် အလုပ်သမား ၁၀ ဦးအောက်နည်းသော အလုပ်များတွင် လုပ်ကိုင်နေကြရကြောင်း ILO က ဖော်ပြခဲ့သည်။
Lockdown စီမံချက်များကြောင့် အထိအနာဆုံးဖြစ်မည့်ကဏ္ဍများတွင် စားသောက်ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများ၊ လက်လီနှင့် လက်ကားကုန်သွယ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းနှင့် အခြားစီးပွားရေးများ ပါဝင်ဖွယ်ရှိကြောင်း ILO က ထုတ်ပြန်ခဲ့သည်။ ကပ်ရောဂါနှင့် အလုပ်အကိုင်အကျပ်အတည်းသည် ပြောင်းလဲဖြစ်ပေါ်နေစဉ် ခုခံနိုင်စွမ်း အားအနည်းဆုံးသူများအား ကာကွယ်ရန်လိုအပ်မှုသည် ပို၍ပင် အရေးကြီးလာနေကြောင်း ရိုက်ဒါက ပြောကြားခဲ့သည်။ အလုပ်သမားသန်းပေါင်းများစွာအတွက် ဝင်ငွေမရှိလျှင် စားစရာမရှိ၊ လုံခြုံမှုလည်းမရှိနှင့် အနာဂတ်လည်း မရှိသည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း များနှင့် အလုပ်လုပ်ချိန်များအား မကြုံစဖူး ကျဆင်းစေခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း အလုပ်လုပ်ချိန် နာရီများသည် ၂၀၁၉ ခုနှစ် နောက်ဆုံး သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်တွင် ၄.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းကြောင်း ILO က ထုတ်ပြန်ခဲ့သည်။ Lockdown စီမံချက်များအား တိုးမြှင့်နေကြခြင်းကြောင့် ယခုနှစ် ဒုတိယသုံးလပတ်တွင် အလုပ်လုပ်ချိန်များသည် ကပ်ဘေးမစတင်မီ နောက်ဆုံးသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁၀.၅ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဖြစ်ကြောင်း ILO က ခန့်မှန်းခဲ့သည်။ ယင်းကျဆင်းခဲ့သောအလုပ်ချိန်များသည် အချိန်ပြည့်အလုပ်အကိုင် ၃၀၅ သန်းနှင့် ညီမျှကြောင်းလည်း ILO က ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ အသက်မွေးဝမ်းကျောင်းအလုပ်များ ပျက်စီးရမည့် လက်ငင်းအန္တရာယ်ကို ဖြေရှင်းရန်အတွက် အလုပ်ရှင်နှင့် လုပ်သားတို့သာမက အစိုးရအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများပါ ညှိိနှိုင်းဖြေရှင်းကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








