COVID-19 ကြောင့် တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော် စေတိီတော်ကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော် မကျင်းပဖြစ်

COVID-19 ကြောင့် တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော် စေတိီတော်ကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော် မကျင်းပဖြစ်
Published 27 April 2020
 ဇော်ဝင်းချစ် (တောင်ငူ)

လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် အောက်မြန်မာပြည် ဘုရားပွဲတော်များအနက် နောက်ဆုံးကျင်းပသော ရက်ရှည်ဘုရားပွဲတော်ဖြစ်သည့် တောင်ငူမြို့  သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးအား ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်အား နှစ်စဉ်ကဆုန်လပြည့်နေ့ ရောက်တိုင်း ကျင်းပကြပြီး လပြည့်နေ့၏ ရှေ့ ခုနစ်ရက်နှင့် နောက်ခုနစ်ရက်ကိုယူ၍ ၁၅ ရက်ကြာ ရက်ရှည်ကျင်းပသော ဘုရားပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော် မကျင်းပဖြစ်တော့သည့် အခြေအနေနှင့်ပတ်သက်ပြီး “ ဘုရားပွဲတော်က မလုပ်ဖြစ်ဘူးလေ။ ကိုယ်တို့စပြီးတော့ အစည်းအဝေးလုပ်ကတည်းက ကိုယ်တို့က Action လုပ်ထားတာလေ။ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေ ဘာတွေအရဆိုလို့ရှိရင် မလုပ်ရဘူး ဆိုပြီးတော့ လုပ်ထားတာ တစ်ခါတည်း ဖျက်ထားပြီးသားပါ။ ကဆုန်လပြည့်နေ့မှာလည်း ညောင်ရေသွန်းပွဲတွေ ဘာတွေလုပ်တာလည်း မရှိပါဘူး” ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဒပူဇနိယပွဲတော်ကြီး၏ ကဆုန်ညောင်ရေသွန်း လှည့်လည်ရာတွင် မင်္ဂလာစည်တော်ကြီးနှင့် စည်တော်ကြီးအက၊ သာသနာ့အလံကိုင်၍ ဘုရားပင့်ဆောင်သည့်အဖွဲ့၊ မင်္ဂလာဆင်တော်အကအဖွဲ့များ၊ မြေဝိုင်းအကအဖွဲ့များ၊ ရပ်ကွက်အလိုက် စုပေါင်းဓမ္မစင်္ကြာဝတ်အသင်း အဖွဲ့များ၊ ရပ်ကွက်အလိုက် ကဆုန်ညောင်ရေသွန်းအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များတို့အပါအဝင် တောင်ငူမြို့ပေါ် ရပ်ကွက် ၂၃ ခုလုံးမှ ပြည်သူအင်အား ၃၀၀၀ ခန့် စုပေါင်းပါဝင်၍ တောင်ငူမြို့တွင်းလမ်းများတွင် စီတန်းလှည့်လည်ကြသော စည်ကားလှသည့် ဘုရားပွဲတော်ကြီးလည်း ဖြစ်သည်။

ဘုရားပွဲတော်ကြီးတွင် နယ်လှည့်စျေးဆိုင်ခန်းပေါင်း ၅၀၀ ကျော်ခန့်တို့လည်း ခင်းကျင်းရောင်းချကြပြီး အထက််အညာဒေသ သနပ်ခါး ခါးသည်များ အားထားရောင်းချရသော ပွင့်လင်းရာသီ၏ နောက်ဆုံး ဘုရားပွဲတော်လည်းဖြစ်သည်။

စက်ရုံအလုပ်ရုံထွက် ဆေးပစ္စည်းများ၊ ကြွေထည်မြေထည် ပစ္စည်းများ၊ အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ပစ္စည်းများ၊ ကြေးခုံသံခုံများ၊ အဝတ်အထည်လေဘေးသည်များ၊ ဧရာဝတီဒေသထွက် ဖျာနှင့် ဟာလဝါမုန့်များလည်း လာရောက် ရောင်းချကြကြောင်းလည်း သိရသည်။

ထို့ပြင် ကလေးကစားကွင်းများ၊ ချားရဟတ်များ၊ ပျော်ပွဲရွှင်ပွဲများအပါအဝင် ဖိုးချစ်၊ စွမ်းဇာနည် ကဲ့သို့သော နာမည်ကျော် ဇာတ်အဖွဲ့များလည်း ရုံဝင်ကပြကြသည့် ဘုရားပွဲတော်ကြီးဖြစ်ပြီး ဘုရားပွဲတော် ရက်ကာလအတွင်း မိုးများလည်း ရွာသွန်းလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent