မန္တလေးဆေးရုံကြီးတွင် ဧပြီ ၂၄ ရက်က သေဆုံးခဲ့သော COVID-19 စောင့်ကြည့်လူနာ ခုနစ်ဦးစလုံး၌ ရောဂါပိုး မတွေ့ရှိ

မန္တလေးဆေးရုံကြီးတွင် ဧပြီ ၂၄ ရက်က သေဆုံးခဲ့သော COVID-19 စောင့်ကြည့်လူနာ ခုနစ်ဦးစလုံး၌ ရောဂါပိုး မတွေ့ရှိ
Published 26 April 2020
လဲ့လဲ့အောင်

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် Covid-19 သံသယအဖြစ် စောင့်ကြည့်ကုသနေစဉ် ဧပြီ ၂၄ ရက် တစ်ရက်ထဲတွင် သေဆုံးခဲ့သည့် လူနာ ခုနစ်ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ယနေ့ (ဧပြီ ၂၆ ရက်) ညပိုင်းတွင် ၎င်း၏ အသုံးပြုနေသော Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ရေးသားထားသည်။

ထို့အတူ မတ္တရာမြို့နယ်မှ COVID-19 လူနာ Case-132 နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၁၈ ဦးတွင်လည်း ရောဂါပိုး မတွေ့ရှိကြောင်း ၎င်းက ရေးသားထားသည်။

မန္တလေးမြို့ဆေးရုံကြီးတွင် COVID-19 ရောဂါ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှု ခံယူနေသော လူနာများထဲမှ COVID-19 ဓာတ်ခွဲအဖြေရပြီး ပိုးမတွေ့လူနာ လေးဦးနှင့် အ​ဖြေစောင့်ဆိုင်းဆဲ လူနာ သုံးဦးမှာ တစ်ရက်တည်း ‌သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးခဲ့သည့် လူနာများသတင်းနှင့် ပတ်သက်၍ မြို့တော်ဝန် ဒေါက်တာရဲလွင် ၏ ရေးသားဖော်ပြချက်အရ ကျန်သေဆုံးလူနာ သုံးဦးအဖြေမှာလည်း ပိုးမတွေ့ရှိကြောင်း၊ ထို့အတူ မတ္တရာမှ ပိုးတွေ့လူနာ အမှတ် ၁၃၂ နှင့် အနီးကပ် ထိတွေ့ခဲ့သူ ၁၉ ဦးကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ကာ ၁၈ ဦး၏ အဖြေမှာ ပိုးမတွေ့ရှိဘဲ တစ်ဦးအဖြေအား စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးဆေးရုံကြီးတွင် သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှု ခံယူနေသူများထဲမှ ဧပြီ ၂၅ ရက်တွင်လည်း လူနာ ငါးဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် နှစ်ရက်အတွင်း သေဆုံးသူ စုစုပေါင်း ၁၂ ဦးရှိခဲ့ရာမှ ယခုအခါ လူနာ ၉ ဦး၏ ဓာတ်ခွဲအဖြေမှာ ပိုးမတွေ့ရှိရဘဲ အဖြေစောင့်ဆိုင်းဆဲ လူနာ သုံးဦးကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး၌ ဆေးကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့လူနာ နှစ်ဦးသာရှိပြီး မန္တလေးဆေးရုံကြီး၌ သံသယလူနာအဖြစ် ကုသမှုခံယူနေသူဦး‌ရေ ၉၀ ကေ‌ျာ်ရှိကြောင်း ဧပြီ ၂၅ ရက်အထိ ဆေးရုံကြီးတွင် သံသယလူနာအဖြစ် သတ်မှတ်ကုသပေးခဲ့သူဦးရေ ၃၂၅ ဦးရှိကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

 

 

Most Read

Most Recent