COVID-19 ရောဂါပိုးရှိ မရှိ တစ်ရက်လျှင် လူ ၁၄၀၀ ဦးခန့် အတည်ပြု စမ်းသပ်ပေးနိုင်သော COBAS 6800 စက်များဖြင့် ကူညီစစ်ဆေးပေးမည် ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်

COVID-19 ရောဂါပိုးရှိ မရှိ တစ်ရက်လျှင် လူ ၁၄၀၀ ဦးခန့် အတည်ပြု စမ်းသပ်ပေးနိုင်သော COBAS 6800 စက်များဖြင့် ကူညီစစ်ဆေးပေးမည် ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Published 25 April 2020

COVID-19 ရောဂါပိုးရှိ မရှိ တစ်ရက်လျှင် လူ ၁၄၀၀ ဦးခန့် အတည်ပြု စမ်းသပ်ပေးနိုင်သော COBAS 6800  စက်များဖြင့် တပ်မတော်က ကူညီစစ်ဆေးပေးမည် ဖြစ်ကြောင်း ဧပြီ ၂၄ ရက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ COBAS 6800 စက်များသည် ကမ္ဘာ့ထိပ်တန်း ရောဂါရှာဖွေရေးစက်များ ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Roche Diagnostics Co,Ltd မှ ထုတ်လုပ်သော နောက်ဆုံးပေါ် ရောဂါရှာဖွေရေးစက် အမျိုးအစားဖြစ်ပြီး အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံကြီးများ၌ COVID-19  ရောဂါပိုး ရှာဖွေရာတွင် လက်ရှိသုံးစွဲလျက်ရှိပြီး အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုမှုရရှိပြီး ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

COBAS 6800 စက်သည် အားသာချက်အနေဖြင့် Fully Automatic System ဖြစ်သည့်အတွက် တစ်ရက်လျှင် လူဦးရေ ၁၄၀၀ ဦးခန့်အတွက် စမ်းသပ် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး စက်ကိုင်တွယ်သူများအား ရောဂါပိုး ကူးစက်နိုင်မှု ရာခိုင်နှုန်းနည်းပါးပြီး အမြန်ဆုံး၊ အများဆုံးနှင့် အမှန်ကန်ဆုံး စစ်ဆေးပေးနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်အနေဖြင့် ရောဂါပိုးအမျိုးမျိုးအား အတည်ပြု စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ ရန်ကုန်နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တို့တွင် COBAS 6800 စက် တစ်လုံးစီကို ၂၀၁၉ ခုနှစ်ကပင် တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း COBAS 6800 စက်များဖြင့် COVID-19  ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် လိုအပ်သည့် Reagent  များအား မှာယူခဲ့ရာ ယခုအခါရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

COVID-19  ရောဂါပိုး စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များ ပူးပေါင်း၍ စက်ပိုင်းဆိုင်ရာ လိုအပ်သည့် Installation နှင့်ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ဧပြီ ၂၃ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ယခုအခါ အဆိုပါ စက်များမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေး အတည်ပြုပေးမှုများ ပြုလုပ်ပေးရန် အသင့်ရှိပြီ ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အလားတူ COBAS 6800 စက် တစ်လုံးအား AA Medical Products Ltd (Pacific- AA Foundation) က လှူဒါန်းရရှိထားပြီးဖြစ်၍ ရန်ကုန်တွင် Installation လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ Installation လုပ်ငန်းများ မပြီးစီးမီနှင့် ပြီးစီးပြီးနောက်ပိုင်း လိုအပ်ပါက ရန်ကုန်နှင့် နေပြည်တော်တွင် တပ်မတော်ဆေးရုံများရှိ COBAS 6800 စက်များဖြင့် COVID-19 ရောဂါပိုး အတည်ပြုစမ်းသပ် စစ်ဆေးမှုများအား တပ်မတော်မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း လည်းဖော်ပြထားသည်။

Most Read

Most Recent