ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ငါးရက်အတွင်း ၆၁ ဦး အရေးယူခံရကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ မြို့နယ်(၂၆)မြို့နယ်ရှိသည့်အနက် ညမထွက်ရအမိန့် ဖောက်ဖျက်မှုကြောင့် အရေးယူခံရမှုမှာ ဟင်္သာတမြို့ နယ်၌ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပုသိမ်မြို့နယ်ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ Curfew ထုတ်ကတည်းက အခုအချိန်အထိ ကျွန်တော်တို့ အရေးယူထားတာပါ။ ဖောက်ဖျက်တဲ့နေ့မှာ အရေးယူပါတယ် ’’ ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ အုပ်ဇော်ဝင်းက အတည်ပြုဖြေကြားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ မြို့နယ် ခြောက်မြို့နယ်၌ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုများရှိနေပြီး ကျူးလွန်သူများကို ပုသိမ်မြို့နယ်၌ ထောင်ဒဏ် နှစ်လစီ၊ ကျန်မြို့နယ်များ၌ ထောင်ဒဏ် တစ်လစီ ချမှတ်ထားကြောင်း သိရသည်။
“ Curfew အမိန့် ၁၄၄ကို ဖောက်ဖျက်လို့ သူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူထားပါတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ရယ်၊ မိတ်ဖက်အဖွဲ့အစည်းတွေရယ် ပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ စိုးမိုးပြီး ထုတ်ပြန်ထားတဲ့အမိန့်ကို လိုက်နာဖို့ဆောက်ရွက်နေပါတယ်။ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူတွေကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေက တရားရုံးကို ဦးတိုက် လျှောက်ပြီးတော့ တရားရုံးက အပြစ်ပေးပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာတော့ လက်ရှိအမှုတွေမှာ ပုသိမ်က အကုန်လုံးမှာ ထောင်ဒဏ်နှစ်လစီအမိန့်ချပြီး ကျန်တဲ့မြို့နယ်တွေက တစ်လစီအမိန့်ချထားပါတယ် ’’ ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဇော်ဝင်းက ဖြေကြားသည်။
ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ဧရာဝတီတိုင်းဒေသကြီး၌ ထုတ်ပြန်ထားသည်။















