မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် နေထိုင်သည့် အသက် ၈၀ အရွယ်ရှိ COVID-19 လူနာအမှတ်စဉ် ၁၃၂ အမျိုးသားမှာ လေဖြတ်ဝေဒနာခံစားနေရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှုခံယူနေရသူဖြစ်ကာ လက်ရှိတွင် ၎င်းအမျိုးသားနေထိုင်သည့် ရပ်ကွက်အား Lock down ပြုလုပ်ထားပြီးနောက် မတ္တရာမြို့ပေါ်ရှိ စျေးများအားလုံးကိုလည်း ယာယီပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရသည်။
မတ္တရာမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၀ အရွယ် အမျိုးသားမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်မှစတင်ကာ လေဖြတ်ဝေဒနာခံစားနေရသဖြင့် နေအိမ်တွင်မိသားစုနှင့်အတူနေထိုင်၍ ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ကြောင်း၊ ထိုသို့ လေဖြတ်ဝေဒနာ ခံစားနေရသဖြင့် မသွားမလာနိုင်သည်မှာလည်း ၁၀ လကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ လေဖြတ်ဝေဒနာခံစားနေရစဉ် ကာလအတွင်း ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦး ဖြင့် နေအိမ်တွင်ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ကြောင်း၊ နေအိမ်တွင် ဆေးဝါးကုသမှု ခံယူနေရစဉ်ကာလအတွင်း ၎င်း၏သမီးနှစ်ဦးတို့က အနီးကပ်ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လေဖြတ်ဝေဒနာခံစားနေရသည့် အမျိုးသားမှာ လွန်ခဲ့သောရက်ပိုင်းအတွင်းက မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် လိပ်ခေါင်းဝေဒနာဖြစ်၍ သွားရောက် ခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း၊ ယင်းလူနာ မှာ ဧပြီ ၂၁ ရက်တွင် နေထိုင်မကောင်းဖြစ်သဖြင့် မတ္တရာမြို့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူရန်အတွက် လူမှုကူညီရေးအသင်းကားဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် ၎င်းအမျိုးသားကို သံသယ လူနာအဖြစ်သတ်မှတ်ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာတွင် COVID-19 ဓာတ်ခွဲအဖြေမှာ Positive (ရောဂါပိုးတွေ့ရှိ)ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၃ ရက်ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သဖြင့် ၎င်းလူနာနေထိုင်ခဲ့သည့် နေအိမ်ကို Lockdown ပြုလုပ်ထားပြီး အနီးပတ်ဝန်းကျင်ကိုလည်း အသွားအလာ ကန့်သတ်ထားရှိမှုများပြုလုပ်ထားကြောင်း၊ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့်သူများကို ဖော်ထုတ်ကာ Facility Quarantine ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်းသိရသည်။
“ သူက သူ့ရောဂါနဲ့သူရှိနေတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးကုသမှု ခံယူဖို့သွားတာ။ အဲဒီမှာ သူ့ရဲ့ဓာတ်ခွဲအဖြေမှာ ရောဂါတွေ့ရှိတာပေါ့။ အခုကတော့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေဆီကနေပြီး တို့ဖတ်နမူနာတွေရယူပြီးတော့ ဓာတ်ခွဲစစ်ဆေးနိုင်ဖို့အတွက် ပို့ပေးသွားဖို့ လုပ်ဆောင်နေပါတယ်။ သူ့အိမ်နဲ့အိမ်ပတ်ဝန်းကျင်ကိုတော့ အသွားအလာကန့်သတ်ထားပါတယ်။ မနေ့ညကတည်းက သတင်းထုတ်ပြန်ချက်ထွက်လာပြီးကတည်းက အသွားအလာကန့်သတ်ထားပါတယ်။ လူနာရဲ့ မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ စောင့်ကြည့်အဖြစ် ထားရှိထားပါတယ်။ ဒီနေ့ တစ်ရက်ကတော့ မတ္တရာမြို့မှာရှိတဲ့ ပျံကျစျေး တွေ၊ စားသောက်ဆိုင်တွေ ပါဆယ်ရောင်းချနေတာတွေ အပါအဝင် စျေးတွေအားလုံးကို ပိတ်ခိုင်းထားလိုက်ပါတယ်။ သူနဲ့ထိတွေ့ပတ်သက်ခဲ့သူတွေအားလုံးကို ဖော်ထုတ်ပြီး Facility Quarantine ထားရှိနိုင်ဖို့ လုပ်ဆောင်နေပါတယ် ” ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောကြားသည်။
လက်ရှိတွင် မတ္တရာမြို့ပေါ်ရှိ လုပ်ငန်းများကိုယာယီပိတ်သိမ်းခြင်း၊ ပျံကျစျေး အပါအဝင် စျေးများအားလုံးနှင့် ပါဆယ် ရောင်းချနေသည့် စားသောက်ဆိုင်များကို မတ္တရာမြို့ နယ်စည်ပင်သာယာရေးကော်မတီက ဧပြီ ၂၄ ရက်မှစတင်ကာ ခေတ္တပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရသည်။
အဆိုပါ မတ္တရာမြို့မှ အသက် ၈၀ အရွယ်ရှိ လေဖြတ်ဝေဒနာခံစားနေရသူ COVID-19 လူနာ အမှတ်စဉ် ၁၃၂ အမျိုးသား မှာ COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့မှု မရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိဘဲ ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၃ ရက်ည ၈ နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အဆိုပါ လူနာကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။















