နယူးယောက်မြို့နဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အမြင့်ဆုံးရောက်နေချိန်မှာ USA TODAY အယ်ဒီတာအဖွဲ့ဟာ ဟားဗက်တက္ကသိုလ်၊ ကူးစက်ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
(ယမန်နေ့မှအဆက်)
မေး ■ သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေအတွက် အစီအစဉ်ကို သိသလား။ အဲဒီကိစ္စမှာ ခင်ဗျား ပါဝင်သလား။
ဖြေ ■ လုပ်ဆောင်ချက်မြင့်မားတဲ့ ဝန်းကျင်တစ်ရပ်မှာ ဒါက အဓိကအားဖြင့်တော့ CDC (ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန) ရဲ့ စီမံချက်ပဲဖြစ်ရမှာပါ။ CDC က အဲဒီလေ့လာချက်တွေ မစတင်သေးတာတောင် အနည်းဆုံးတော့ အစီအစဉ်ရှိပြီး ဖြစ်ပါလိမ့်မယ်။
မေး ■ CDC ဟာ လူထုဆက်သွယ်ရေးမှာ တော်တော့်ကို ချွတ်ယွင်းချက်ရှိနေပုံရတယ်။ ဒါက ဘာသက်ရောက်မှုရှိလို့လဲ။
ဖြေ ■ အဲဒါ ကံဆိုးတာပေါ့။ ကျွန်တော် ထင်တယ်၊ အမေရိကန်တွေဟာကို ယုံကြည်ကြတယ်။ အဲဒီက ပညာရှင်တွေကို နိုင်ငံရေးမဆန်ဘဲ ယုံကြည်ရလောက်ပြီး ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုပေးဖို့ ကြိုးစားနေတာလို့ ရှုမြင်ကြတယ်။ ကျွန်တော် ၁၉၉၀ ဝန်းကျင်က အဲဒီမှာ ခဏတာဝန်ထမ်းခဲ့ဖူးပြီး သူတို့နဲ့အတူ အလုပ်လုပ်ဖူးတော့ သူတို့ ဘယ်လိုလူတွေဆိုတာ အဲဒီကတည်းက သိပါတယ်။ နိုင်ငံရေးသမားတွေဆီက လာတဲ့ စိစစ်ပြီးသား သတင်းစကားတွေက သမားတော်တွေနဲ့ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ သူတို့ သိထားတာ ပြောတာလောက် ယုံချင်စရာ မကောင်းပါဘူး။
မေး ■ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ။
ဖြေ ■ CDC ဟာ သိပ္ပံနည်းကျ အဖွဲ့အစည်းပါ၊ ဒါကြောင့် “ဟောဒါ ကျွန်တော်တို့ သိတာ၊ ဟောဒါ ကျွန်တော်တို့ မသိတာ” လို့ ပြောရိုးထုံးစံပဲ။ နိုင်ငံရေးသမားတွေက သူတို့ကို မသိဘူးပြောရင် မကြိုက်ကြဘူး။ ဘေးအန္တရာယ် စီမံခန့်ခွဲ ဆက်သွယ်နေရတဲ့ ဘယ်ပညာရှင်ကိုမဆို နှစ်ဖက်စကားနားထောင်ဖို့ ကျွန်တော် ပြောစရာမလိုဘူး။ လူတွေဟာ နှစ်ဖက်လုံး နားထောင်ပြီး သုံးသပ်တတ်လာမှ အသိအမြင် ကျယ်ပြန့်လာမှာပေါ့။ ဒါ အဆန်းမှ မဟုတ်ပဲ။ ဆန့်ကျင်တာ သံသယဝင်တာမျိုးလည်း မဟုတ်ပါဘူး။ သိပ္ပံဆိုင်ရာ အသိအမြင်ဆိုတာမျိုးက ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်လိုမျိုး အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။
မေး ■ ခြိမ်းခြောက်မှုအပေါ် လူတွေရဲ့ တွေးထင်ချက်တွေက နိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့ ပတ်သက်နေတယ်လို့ စစ်တမ်းတွေက ပြနေပါလား။
ဖြေ ■ ကျွန်တော်တို့အားလုံး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ ဘယ်ပါတီကို မဲပေးသလဲ၊ ဘယ်ဘုရားကျောင်းကို တက်သလဲဆိုတာတွေက ဘာမှ အရေးမပါပါဘူး။ ပြီးတော့ နိုင်ငံရေးနဲ့ ရောထွေးခြင်းမရှိတဲ့ မက်ဆေ့ချ်တွေကို တစ်စုံတစ်ရာအတိုင်း အတာအထိ လူထုအနေနဲ့ ရရှိနိုင်ခြင်းကပဲ သူတို့ကိုယ်တိုင်ကို ကာကွယ်ဖို့ သူတို့ကို ကူညီဖို့ရာအတွက် ပိုပြီး ကောင်းပါတယ်။
မေး ■ မသိသေးတာတွေထဲက အကြီးမားဆုံးက ဘာလဲ။
ဖြေ ■ ကျွန်တော့်အတွက်ကတော့ အကြီးမားဆုံး မေးခွန်းတွေက ကိုယ်ခံအားအကြောင်းတွေပါပဲ။ လူဦးရေ ဘယ်လောက် ကိုယ်ခံအား ရပြီးပြီလဲ၊ အဲဒီလူတွေထဲမှာ လူဘယ်လောက်က ကိုယ့်ကို ရောဂါကူးစက်ခဲ့တာကိုတောင် မသိဘူးလဲ၊ ဒီကိုယ်ခံအားက ဘယ်လိုကာကွယ်မှု ပေးနိုင်သလဲ၊ ပြီးတော့ ကာကွယ်ဆေး အလားအလာအတွက် ကိုယ်ခံအားက ဘယ်လိုကာကွယ်မှုပေးမလဲ ဆိုတာတွေပါ။ ကိုယ်ခံအားဆိုတာ တခြားဘက်ကို ကျွန်တော်တို့ ဖြတ်သန်းသွားဖို့ရာ ရလာဖို့ လိုတဲ့အရာလို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒါဟာ အကြီးမားဆုံး ဖြစ်နေဆဲ မရေရာမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပြန်ပါသေးတယ်။
မေး ■ လူတွေ ဘယ်လောက်ကြာအောင် အိမ်ထဲနေရဦးမလဲ။
ဖြေ ■ ဒါက သိပ္ပံပညာနဲ့ပဲဆိုင်တဲ့ ရွေးချယ်စရာတော့ မဟုတ်ဘူး။ ဒါက အဆုံးသတ်မှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ရွေးချယ်စရာ ဖြစ်လာမှာဖြစ်ပြီး သိပ္ပံပညာက ထည့်ဝင်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒါက သိပ်အရေးကြီးတဲ့ ထည့်ဝင်မှုတစ်ခုဖြစ်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက အဲဒီ ကန့်သတ်ထိန်းချုပ်ထားမှုတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အကျိုးဆက်တွေ စောင့်ကြည့်ဖို့နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချဖို့ကလွဲပြီး ရွေးချယ်နိုင်တာ များများစားစား မရှိပါဘူး။ မေးခွန်းက ကာကွယ်ဆေးရတဲ့အထိ ဒါမှမဟုတ် ကျွန်တော်တို့အနေနဲ့ သဘာဝအတိုင်း “လူအုပ်စုလိုက် ကိုယ်ခံအား” (Herd Immunity) ရဖို့ဆီ ဦးတည်ဖို့ ရောဂါကူးစက်ခံရသူတွေ စုပုံလာမှု ပိုမိုနှေးကွေးအောင် လုပ်နိုင်တဲ့အထိ ကျွန်တော်တို့အနေနဲ့ အကျိုးဆက်တွေကို ကောင်းကောင်းတောင့်ခံထားနိုင်မလား ဆိုတာပါပဲ။ ဒါပေမဲ့ ဒါဟာ နှေးကွေးတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။
မေး ■ ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ချက်အတွက် ရောဂါစစ်ဆေးဖော်ထုတ်နိုင်စွမ်းက ဘယ်လောက်အရေးကြီးသလဲ။
ဖြေ ■ အဲဒီလို ဆုံးဖြတ်ချက်ချဖို့အတွက်ဆိုရင် သွေးရည်ကြည်ဗေဒဆိုင်ရာ စမ်းသပ်စစ်ဆေးနိုင်စွမ်းက ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေး ဖော်ထုတ်နိုင်စွမ်းထက်တောင် ပိုလို့ အရေးကြီးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ထိန်းချုပ်ထားမှုတွေ ရုပ်သိမ်းလိုက်ရင်တော့ မလွှဲမရှောင်သာ မြင့်တက်လာမယ့် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ရေး ကြိုးစားဖို့ကတော့ ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေး ဖော်ထုတ်နိုင်စွမ်းက လိုအပ်လာပါလိမ့်မယ်။
မေး ■ လိုအပ်သလောက် ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေး ဖော်ထုတ်နိုင်စွမ်းရော ဒီနိုင်ငံမှာ ရှိသလား။
ဖြေ ■ ဘယ်နေရာမှာမှ မနီးစပ်ပါဘူး။ ဘယ်နေရာမှာမှ မနီးစပ်ပါဘူး။ ကျွန်တော် ဆိုလိုတာက ပြတ်လပ်မှု ဖြစ်ခဲ့တယ်ဆိုတာပါ။ အခုက နာမကျန်းဆုံး လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေအတွက် ကျွန်တော်တို့ လိုအပ်သလောက်နီးပါးပဲ ရပါတယ်။ ဒါပေမဲ့ ဒီမှာ ဒေသအလိုက်တောင်မှ Swab တွေ အကြီးအကျယ် ပြတ်လပ်နေပါတယ်။ ခင်ဗျားအနေနဲ့ လူတွေထံကနေ နှာခေါင်းတို့ဖတ် (Swab) မယူနိုင်ရင် ခင်ဗျား ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့စက်တွေ ဘယ်လောက် ကောင်းတယ်ဆိုတာနဲ့မှ မဆိုင်တာ။
မေး ■ စမ်းသပ်စစ်ဆေးဖို့က ဘာလို့ အဲဒီလောက်ဒုက္ခ တွေ့နေရတာလဲ။
ဖြေ ■ ဒုက္ခတွေ့ရတဲ့ တစ်စိတ်တစ်ပိုင်း အကြောင်းရင်းကတော့ ဗျူဟာတစ်ရပ် မရှိတာပဲ။ ဘယ်သူမှ စိတ်ပါဝင်စားမှု မရှိကြဘူး။ ကျွန်တော်တို့ ဒီကန့်သတ်ထိန်းချုပ်မှုတွေကနေ ထွက်လာကြပြီဆိုရင် ပြန်ပြီး ပေါ်ထွက်လာတဲ့ ရောဂါကူးစက်မှုတွေကို ထိန်းထားဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားအနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ကောင်းကောင်းလုပ်နိုင်ရင်တောင် စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ မရှိဘူးဆိုရင် ခင်ဗျား ဒါကို မလုပ်နိုင်ဘူးဆိုတာ အရှင်းကြီးပဲလေ။
မေး ■ ဒါဆို ထွက်ပေါ်လာမယ့် အရာတွေကို ခင်ဗျား ဘယ်လိုရင်ဆိုင်မလဲ။
ဖြေ ■ လူမှုရေးဆိုင်ရာနဲ့ သိပ္ပံနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြောင်းချင်းရာတွေအကြားက ဆက်နွှယ်ချက် ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ ကျွန်တော် ခန့်မှန်းရမယ်ဆိုရင် တစ်စုံတစ်ရာအတိုင်းအတာအထိ ခြေကုန်လက်ပန်းကျလာမယ်လို့ ကျွန်တော် ထင်တယ်။ ပထမဆုံး အထွတ်အထိပ်ကို သူတို့ ထိန်းချုပ်ပြီးတဲ့နောက် ဒါမှမဟုတ် ပထမဆုံး အထွတ်အထိပ်ကို သူတို့ မထိန်းချုပ်နိုင်ခင် တချို့နေရာတွေဟာ လက်လျှော့လာကြလိမ့်မယ်။ ရောဂါကူးစက်ခံရသူတွေ ပြန်လည်ပေါ်ထွက်လာပြီး လူတွေဟာ လူချင်းခွဲနေရမှု (Social Distancing) ကို သိပ်ကို ငြီးငွေ့စိတ်ကုန်နေပြီမို့ အထူးကြပ်မတ်စောင့်ရှောက်ကုဌာန (ICU) တွေ ပြည့်လျှံမလာခင်အထိ ဒီအတိုင်း သွားလိမ့်မယ်။ အဲဒီနေရာတွေမှာ လူတွေပြန်ပြီး Lockdown ချခံရမယ်။ ဒီလိုမျိုးပဲ သံသရာလည်နေလိမ့်မယ်။ ဒါမျိုးကို ရှောင်လွှဲနိုင်ရေးကြိုးပမ်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေအားလုံးမှာ သိပ်ကို ကာလရှည်လျားပြီး ထိခိုက်မှု ကြီးမားတဲ့ လူချင်းခွဲနေရမှု (Social Distancing) ဖြစ်စဉ် ပါဝင်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် လုပ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့အရာလို့ ပြောရတာ လွယ်ပါတယ်။ ဒါပေမဲ့ တခြားထည့်သွင်းစဉ်းစားစရာတွေလည်း ရှိနေတာ ကျွန်တော် ချက်ချင်း သတိပြုမိပါတယ်။ ပြီးတော့ တကယ်ကောင်းမွန်တဲ့ အဖြေတစ်ရပ်ကို ကျွန်တော် မမြင်ပါဘူး။
မေး ■ နွေရာသီလို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကရော တခြားကိုရိုနာဗိုင်းရပ်တွေလို ဒီဗိုင်းရပ်စ်ကို လျော့ပါးစေနိုင်တဲ့ အထောက်အထားရှိလား။
ဖြေ ■ အတိုင်းအတာတစ်ခုထိတော့ လျော့ပါးစေနိုင်လိမ့်မယ် ထင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေ၊ ဆောင်းရာသီဗိုင်းရပ်စ်တွေအားလုံး နွေရာသီမှာ ကျဆင်းမှုဟာ ကူးစက်စရာ ရောဂါကူးစက်လွယ်သူတွေ ကုန်ဆုံးလာခြင်းနဲ့ ဗိုင်းရပ်စ်ကို မျက်နှာသာမပေးတဲ့ အခြေအနေရပ်တွေ ဖြစ်ပေါ်လာခြင်းတို့အကြားက ဆက်နွှယ်ချက်နဲ့ သက်ဆိုင်ပါတယ်။ ပြီးတော့ အနားတစ်ဝိုက်မှာ ကူးစက်စရာ ရောဂါကူးစက်လွယ်သူတွေ တစ်ပုံတစ်ခေါင်းကြီး ရှိနေဆဲဆိုရင် ဗိုင်းရပ်စ်ဟာ သူ့ကို မျက်နှာသာသိပ်မပေးတဲ့ အခြေအနေရပ်တွေမှာလည်း ဆက်လက်ရှင်သန်နိုင်ပါတယ်။ ကူးစက်ခံရသူ အရေအတွက် သူ့အလိုလို လျော့ကျလာဖို့ထက် ဗိုင်းရပ်စ်ပေါက်ပွားနှုန်း နှေးသွားရမှာပါ။ ဒါကျွန်တော်တို့ အကောင်းဆုံးမျှော်လင့်နိုင်တာပါ။
မေး ■ ကျွန်တော်တို့ အစကတွေးခဲ့သလိုမဟုတ်ဘဲ ငယ်ရွယ်သူတွေအပေါ် ခြိမ်းခြောက်နိုင်မှု ပိုလာသလား။
ဖြေ ■ ခင်ဗျားပြောတာ မှန်တယ်။ မက်ဆေ့ချ် ပေးရာမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေကို ပိုပြီးအဓိကထားခဲ့တော့ လူငယ်ထုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေအများကြီး လွတ်သွားတာမျိုး ဖြစ်နိုင်တယ်။ လူငယ်တွေအပေါ် ကူးစက်နိုင်ခြေက နိမ့်ပါးတယ်လို့ဆိုရင်တောင် သူတို့မှာ ကူးစက်ခံရနိုင်ခြေတစ်ရပ် ရှိနေတာမို့ သူတို့အနေနဲ့ သတိထားဖို့တော့ လိုပါလိမ့်မယ်။
မေး ■ ငယ်ရွယ်သူတွေကို အလုပ်ခွင် အရင်ဝင်ခိုင်းမယ် ဆိုရင်ရော။
ဖြေ ■ ဒါ အကြံကောင်း ဉာဏ်ကောင်းလို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ တခြားရွေးစရာလမ်းထက် ထိခိုက်ဆုံးရှုံးမှု နည်းတဲ့လမ်းပဲ ဖြစ်ရမယ်လို့ တွေးတဲ့ အုပ်စုတစ်စု ရှိပါတယ်။ ပြဿနာက အဲဒီငယ်ရွယ်သူတွေမှာ ရောဂါ ကူးစက်ခံရနိုင်တဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ တခြားပတ်သက်ရာလူတွေ ရှိနေတာပါပဲ။ ဒီရွေးချယ်မှုက ဖြစ်နိုင်ခြေများ သလားဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အိမ်ထဲမှာ ပိတ်ထားတဲ့ကာလတွေကို သက်တမ်းတိုးဖို့ ကျွန်တော်တို့ သဘောမတူဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ ကျွန်တော်တို့မှာ ရှိထားတဲ့ အကောင်းဆုံး ရွေးစရာတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
မေး ■ ဗိုင်းရပ်စ်က ဘာကြောင့် အားနည်းတဲ့ လူ့အသိုင်းအဝိုင်းတွေကို ပိုပြီး ဒုက္ခပေးတာလဲ။
ဖြေ ■ ကျန်းမာရေးအနေထား ကွာခြားမှုအပေါ် မူတည်နေပါတယ်။ သွေးတိုးရောဂါနဲ့ တခြားကွဲပြားခြားနားတဲ့ ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ အကြောင်းတရားတွေက ဒီနေရာမှာ ပြဿနာရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာနေပါတယ်။ ဒါဟာ စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ လူနေစိပ်လွန်းတာက ရောဂါကူးစက် ပျံ့နှံ့နိုင်ခြေမြင့်မားတာ ထင်ရှားပါတယ်။ ဒါကြောင့် လူမျိုးနဲ့ မျိုးနွယ်စုအကြား ဆက်နွှယ်ချက်ရှိသလို တခြားတစ်ဖက်မှာလည်း ဝင်ငွေနဲ့ ပတ်သက်နေပါသေးတယ်ဆိုတဲ့ အဲဒီလိုအမြင်ကလည်း ရှိနေပါတယ်။
မေး ■ အကျဉ်းထောင်တွေဟာ ရောဂါကူးစက်ဖို့ ရေခံ မြေခံကောင်းလို့ ဆိုနိုင်မလား။
ဖြေ ■ အကျဉ်းသားဦးရေ မဆံ့မပြဲဖြစ်နေတဲ့ အကျဉ်းထောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပြီး ပြဿနာပါပဲ။ သူတို့အားလုံးကို အကျဉ်းထောင်တစ်ခုထဲ ထည့်ထားပြီး လူအဖွဲ့အစည်းထဲ အဲဒီလူတွေကို ဝင်ခွင့် မပေးတာ ပိုကောင်းတယ်ဆိုတဲ့ သဘောထားအရကို အဓိကအချက်ကနေ လွဲချော်နေတာပါပဲ။ အကျဉ်းထောင်တွေမှာ အစောင့်တွေ ရှိတယ်၊ အကျဉ်းထောင်တွေမှာ စားဖိုဆောင် လုပ်သားတွေ ရှိတယ်၊ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေနဲ့ ထိတွေ့နေရသူတွေ အများကြီး ရှိတယ်။ လူသားဆန်မှုကို ဥပေက္ခာပြုပြီး ခုလို အကျဉ်းချထားတာ ပိုကောင်းတယ်ဆိုတာမျိုးကိုက မှားယွင်းနေဆဲ အတွေးအခေါ်ပါပဲ။
မေး ■ ရောဂါကူးစက်မှုနဲ့ ကာကွယ်မှုဆိုင်ရာ ပညာရှင်တွေဆီက “ဧရာမ ကပ်ရောဂါတစ်ခု” ရယ်လို့ ကျွန်တော်တို့ ကြားနေရတာ ကြာပါပြီ။ ခင်ဗျားရဲ့အမြင်အရ တကယ်ကို ဧရာမလား၊ တခြား အတိတ်ကဖြစ်ခဲ့တဲ့ ဘယ်ကပ်ရောဂါမျိုးနဲ့ နှိုင်းယှဉ်လို့ ရသလဲ။
ဖြေ ■ သေချာတယ်၊ တကယ့်ကို ဧရာမကပ် ရောဂါတစ်ခုပါ။ လူမှုရေးဆိုင်ရာ ပြိုပျက်သွား ပုံကတော့ ၁၉၁၈ ခုနှစ်နောက်ပိုင်း နှိုင်းယှဉ်စရာ မရှိဘူး။ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုနဲ့ သေနှုန်းမှာ နောက်ဆုံးရလဒ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ ၁၉၁၈ ကပ်ရောဂါကလွဲရင် အရင်ဖြစ်ခဲ့ဖူးတဲ့ တုပ်ကွေးကပ်ရောဂါတွေထက် ပိုမြင့်ဖို့ သေချာသလောက်ပဲ။ ပြည်သူ့ကျန်းမာရေးရှုထောင့်အရ ၁၉၁၈ နောက်ပိုင်း ရုတ်တရက် ဖြစ်ပွားတဲ့ ရောဂါတွေထဲမှာ ကျွန်တော်တို့ ကြုံဖူးသမျှ အဆိုးရွားဆုံးပဲလို့ ထင်ပါတယ်။ ဒါဟာ ဧရာမကပ်ဖြစ်ဖို့ လုံလောက်ပြီးပါပြီ။ ထပ်ပြီး ကြီးမလာပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။