ဟားဗက်တက္ကသိုလ် ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ကာကွယ်မှုပညာဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နှင့် တွေ့ဆုံမေးမြန်းခန်း

ဟားဗက်တက္ကသိုလ် ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ကာကွယ်မှုပညာဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နှင့် တွေ့ဆုံမေးမြန်းခန်း
Photo- The Jakata Post
Photo- The Jakata Post
Published 21 April 2020

နယူးယောက်မြို့နဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအမြင့်ဆုံးရောက်နေချိန်မှာ USA TODAY အယ်ဒီတာအဖွဲ့ဟာ ဟားဗက်တက္ကသိုလ်၊ ကူးစက်ရောဂါဗေဒဌာနပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - ကိုရိုနာဗိုင်းရပ်စ်ရဲ့ အလားအလာနဲ့ ကျွန်တော်တို့ ဘယ်ကို ဦးတည်ရမလဲဆိုတာ။

ဖြေ - ကျွန်တော်တို့ဟာ လူနာတွေရဲ့ ဆယ်ပုံတစ်ပုံ၊ ဒါမှမဟုတ် ငါးပုံတစ်ပုံလောက်ပေါ်မှာ အခြေပြု စုံစမ်းကြပြီး အနီးစပ်ဆုံးဖြစ်တန်ရာကို ခန့်မှန်းကြတာ။ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားဆိုတာကလည်း လူနာပေါင်းများစွာ တွေ့ပြီးမှ ထွက်ပေါ်လာတာမျိုးပဲ။ နိုင်ငံအတွင်း လူအများစုဟာ ရောဂါပိုးကူးစက်ခံရနိုင်တုန်းပဲဆိုတဲ့ အမြင်အရကတော့ ကျွန်တော်တို့ဟာ အခုမှ အစလောက်ပဲရှိသေးတယ်။  အခုလုပ်ထားတဲ့ ကန့်သတ်ချက် အမျိုးမျိုးဟာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ပန်းတိုင်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ လက်ငင်း လူနာတိုးမလာအောင်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ဘောင်ကျော်မသွားအောင် လုပ်ထားနိုင်တာမျိုးပါ။

မေး - ထိန်းချုပ်ကန့်သတ်ချက်တွေ ခုလိုလုပ်ထားတာ အလုပ်ဖြစ်ရဲ့လား။

ဖြေ - နေရာအတော်များများမှာ ဒါကို ဖြစ်မြောက်အောင် ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်ဆိုတာ  အထောက်အထားပြစ ပြုနေပါပြီ။ နယူးယောက်ကတော့ သူကိုင်တွယ်နိုင်တာရဲ့ အမြင့်ဆုံးနီးပါးကို လုပ်ထားပြီးပါပြီ။ မေးခွန်းက ဘယ်အချိန်ပြန်လျှော့ပေးမလဲ ဆိုတာပါ။ အဲဒီလို လျှော့ပေးရမယ့် သဲလွန်စ တချို့လည်း ရှိနိုင်ပါတယ်။ ပြီးတော့နောက် တစ်ပတ်လောက်မှာ တခြားဒေသတွေရဲ့ ကူးစက်မှုနှုန်း ပိုပြီးတက်လာမလား၊ နောက်အမြင့်ဆုံးအခြေအနေလိုမျိုး ရောက်လာမလား၊ ဆက်ပြီးတက်နေလို့  နေရာအသီးသီးမှာ ထိန်းမနိုင်ဖြစ်သွားမလားဆိုတာ ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။

မေး - အဲဒီနောက် ဘာဖြစ်မလဲ။

ဖြေ - ကောင်းကောင်းတွက်ချက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာလုပ်မလဲဆိုတဲ့ ကြီးမားတဲ့ မေးခွန်းရှိပါတယ်။ တကယ်လို့ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလိုက်ရင် ၁၉၁၈ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးလို ကြုံရမလား၊ အခု တရုတ်နိုင်ငံမှာ ဖြစ်နေတာမျိုး ရောဂါပြန်ဖြစ်တဲ့ လူနာတွေ့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ တခြားဘက်က ကြည့်ပြန်တော့လည်း ထိန်းချုပ်ကန့်သတ်ထားတဲ့ နေရာတိုင်း စီးပွားရေးဆုတ်ယုတ်မှုက ဖြစ်ပြန်ရော။ဒီလိုအနေအထားမှာ ဘေးကျပ်နံကျပ်ပဲ။ ဘယ်သူမှ ကောင်းမွန်တဲ့ အဖြေတစ်ခုကို မတွေ့သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။

မေး - ဒါဆို ကျွန်တော်တို့ ဘာလုပ်လို့ရလဲ။

ဖြေ - ပေါ်လာတဲ့ စိတ်ကူးတချို့ကတော့ ကြိုးစားကြည့်ဖို့ ကောင်းပါတယ်။ ဒေသအလိုက် သတ်မှတ်နေရာတစ်ခုမှာ ပိုးတွေ့ရှိသူတွေကို ထိန်းချုပ်နိုင်ဖို့ စုထားလိုက်တာမျိုးပေါ့။ ဒီနေရာမှာ လူတစ်စု ရှိပါတယ်။ ကျွန်တော့်တက္ကသိုလ်က လူတော်တော်များပါဝင်ပြီး ကျွန်တော်လုံးဝကို သဘောမတူနိုင်ပါဘူး။ သူတို့က ထိန်းချုပ်ဖို့ရာ တုံ့ပြန်ရေးဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံပုံစံမျိုး နေအိမ်ပြင်ပ ရောဂါခြေချုပ်ချထားခြင်းနဲ့ သီးသန့်ထားခြင်းတွေ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ဆိုကြတာပါ။ အဲ့ဒီလို လိုအပ်တယ်ဆိုတဲ့ အထောက်အထားက နည်းပါးပါတယ်။ နောက်ပြီး အမေရိကမှာကျ ဘယ်ပုံစံမျိုး လက်ခံမယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမြင်ကြတာတော့ ရှိပါတယ်။

မေး - ကပ်ရောဂါ အစပြုခဲ့ရာ ဝူဟန်ကို အခုပြန်ဖွင့်လိုက်ပြီ။ တရုတ်က ကိန်းဂဏန်းတွေဖြစ်တဲ့ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ ၈၃၀၀၀ နဲ့ သေဆုံးသူ ၃၃၀၀ ဆိုတာက ယုံကြည်လောက်စရာရှိပါသလား။

ဖြေ - ကျွန်တော်တော့ အဲဒီဂဏန်းတွေကို အမှန်လို့မယုံကြည်ဘူး။ သေဆုံးသူ အကုန်လုံးကို သူတို့ စာရင်းကောက်နိုင်ခဲ့မယ် မထင်ဘူး။ အိမ်မှာ သေတာတွေ လူမသိသူမသိ သေတာတွေ ကျန်နိုင်တယ်။ ဒါကြောင့် ကောက်ယူဆဲစာရင်းလို့သာ ပြောနိုင်မယ်။ သူတို့မှာ ဖုံးကွယ်ထားတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း အများနည်းတူ ကျွန်တော် နက်နက်ရှိုင်းရှိုင်းသိတာမျိုး မရှိပါဘူး။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ သူတို့ အကောင်းဆုံး ပေးထားတဲ့အပေါ် ကျွန်တော့်အဖို့ အထူးပြောစရာ မရှိလှပါဘူး။ အလုပ်ဖြစ်ဖို့အတွက် ပိုမိုပြည့်စုံတဲ့စာရင်းရအောင် ကျွန်တော်လမ်းဖွင့်ထားပါတယ်။

မေး - အချက်အချာနေရာတွေဖြစ်တဲ့ ဝူဟန်နဲ့ အီတလီ မြောက်ပိုင်းမှာ ရောဂါပိုးတွေ့ရှိသူအရေအတွက်က လူဦးရေရဲ့ သုံးရာခိုင်နှုန်းဒါမှမဟုတ်  လေးရာခိုင်နှုန်းလို့ပဲ အတည်ပြုကြတယ်။ ခင်ဗျားနဲ့ တခြားရောဂါကူးစက်ပျံ့နှံ့မှုနဲ့ ကာကွယ်မှုပညာရှင်တွေက လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ခံရနိုင်တယ်လို့ ပြောကြတယ်။ ဘာလို့ အဲဒီလောက်ထိ ကွာဟနေတယ်ဆိုတာ ရှင်းပြနိုင်မလား။

ဖြေ - ခုဟာက ပထမလှိုင်းပါ၊ ကျွန်တော်တို့ပြောတာက ကပ်ကြီးတစ်ခုလုံးပါ။ ကပ်ရောဂါဆိုးကြီးကို တစ်ကြိမ်တည်းနဲ့ အမြစ်ဖြတ်ပစ်နိုင်မယ်လို့ နားလည်မှုလွဲခဲ့ရင်တော့ ၀ိ၀ါဒကွဲစရာ အမြင်တွေ ပေါ်ထွက်လာလိမ့်မယ်။ ခုအဲဒီလို တွေးစရာ အကြောင်းမရှိဘူး။ တစ်နိုင်ငံလုံး ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့တိုင်အောင် ၁၉၁၈ ကပ်ဘေးတုန်းကလို ဝူဟန်မှာ နောက်ထပ်လူနာတွေ ပြန်ပေါ်နေပြီ။ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းဆိုတဲ့ဂဏန်းက ဗိုင်းရပ်စ်ပိုး ကူးစက်မှု သူ့အလိုလို ရပ်တန့်မသွားခင် ကိုယ်ခံအားရရှိဖို့ လိုအပ်တဲ့ အရေအတွက်ကို ပြောတာ။ အလွန်တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက် ရောက်ပြီးတဲ့အချိန် ကူးစက်ခံရသူ ကိန်းဂဏန်းအတိုင်းအတာဟာ အဲဒီထိန်းချုပ်မှု အပြည့်အဝ သြဇာသက်ရောက်မှုမရှိခင်ဖြစ်တဲ့ ကိန်းဂဏန်းအတိုင်းအတာအကြား ကွာခြားမှုရှိပါတယ်။

မေး - ရောဂါကူးစက်ခံရပြီးသူ တစ်ယောက်အနေနဲ့ ရောဂါပြီးစနစ် ကိုယ်ခံအားရနိုင်ပါသလား၊ တကယ်လို့ ဒီအဖြေကို မသိရဘူးဆိုရင် ဒုတိယနဲ့ တတိယလှိုင်းတွေမှာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

ဖြေ -  ကျွန်တော်တို့ ခုထိမသိသေးဘူး။ တခြားကိုရိုနာဗိုင်းရပ်တွေရဲ့ လုံးဝအားကောင်းပေမဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်တဲ့ ကိုယ်ခံအားကိုရရှိတဲ့ အချိန်အပိုင်းအခြားကိုတော့ ကျွန်တော်တို့သိပါတယ်။ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ရာ အရေးပါတဲ့ အချက်တွေက ကိုယ်ခံအားရသွားတဲ့ လူအချိုးအစား ဒါမှမဟုတ်  အနည်းဆုံးက တခြားလူတစ်ယောက်ဆီ ရောဂါထပ်မကူးစေတော့တာပဲ။  ကာကွယ်ဆေးထိုးတာက တစ်ဆင့်ဖြစ်ဖြစ် ရောဂါကူးစက်ခံရပြီးကနေတစ်ဆင့်ပဲဖြစ်ဖြစ် အဲဒီအရေအတွက်ကို ကျွန်တော်တို့ လုံလုံလောက်လောက် များအောင် ရဖို့လိုတယ်။

မေး - အဲဒီအရေအတွက်က ကျွန်တော်တို့ ထင်တာထက် ပိုများအောင် ရခဲ့ပြီးတာမျိုး ဖြစ်နိုင်သလား။

ဖြေ - ဖြစ်နိုင်ခြေတစ်ခုကတော့ စစ်ဆေးဖော်ထုတ်ရခြင်း မရှိသေးတဲ့ ရောဂါပိုးကူး စက်ခံရသူအရေအတွက် အများကြီးရှိနိုင်ပြီး အဲဒီထဲက တော်တော်များများဟာ ကိုယ်ခံအားရပြီး ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့ သိတာထက်  “လူအုပ်စုလိုက် ကိုယ်ခံအား” (Herd Immunity) ပိုပြီး ရထားပြီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် သဲလွန်စတွေရှိပါတယ်။ ဒါပေမဲ့ ခုထိ ခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။  ဒါရဲ့ တခြားတစ်ဘက်မှာတော့ အဲဒီရောဂါကူးစက်ခံရပြီးသူတွေရဲ့ အရေးပါတဲ့ အချိုးအစားထဲက တချို့ဟာ ကိုယ်ခံအားမရဘူးဆိုရင် ရောဂါပြီးနေတဲ့ လူဦးရေအချိုးအစားထဲကနေ ဖယ်ထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ တကယ့်တကယ်မှာ (လူတွေ ရောဂါကူး စက်ခံရပြီး ပဋိပစ္စည်းတွေရှိသလား သိရအောင်) သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေ လိုအပ်ပါတယ်။

မေး - ကိုယ်ခံအားက ဘယ်လိုအကာအကွယ်ပေးနိုင်သလဲ။

ဖြေ - ကျွန်တော်တို့ရော တခြားလူတွေပါ ဒါကို လေ့လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒါကို လုပ်ဖို့ဆိုတာ တကယ်ကို ပရိယာယ်များ လွန်းတာမျိုးပါ။ နည်းနည်း ကြာနိုင်ပေမဲ့ တစ်စုံတစ်ယောက်ကတော့ဖြင့် ဒါကို ဖော်ထုတ်ပါလိမ့်မယ်။

မေး - အိမ်မှာနေပါဆိုတဲ့ အမိန့်တွေပယ်ဖျက်ဖို့ စိတ်ချရပြီဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ ဘယ်လိုသိနိုင်မလဲ။

ဖြေ - သိပ်ကောင်းတဲ့ မေးခွန်းပဲ။ အဲဒါအတွက် သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေက အရေးပါလာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကပဲ။ လူပေါင်းဘယ်လောက်များများ ရောဂါကူးစက်ခံရပြီးပြီလဲဆိုတာ နားလည်ဖို့ ပဟေဠိရဲ့ လိုအပ်နေတဲ့ အစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။  သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေ ကျွန်တော်တို့ ရပြီးတာနဲ့ “လူအုပ်စုလိုက် ကိုယ်ခံအား” ဘယ်လောက်ရှိတယ်ဆိုတာ တွက်ချက်နိုင်ပါလိမ့်မယ်။ ထည့်သွင်းလို့ရတဲ့ (အလုပ်ဖြစ်တဲ့) ကိုယ်ခံအားကို ရထားတဲ့တစ်စုံတစ်ယောက်ကို  ကာကွယ်ဖို့ မဖြစ်နိုင်တဲ့ ကိုယ်ခံအား တုံ့ပြန်ချက်သာရှိထားတဲ့  တခြားတစ်ဦးကနေ ခွဲခြားဖို့ ဖြစ်နိုင်သလား ဆိုတာမျိုးကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါမျိုးဖြစ်နိုင်ပါစေလို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ခုထိတော့ ဒါဟာ လူသိများတဲ့ သိပ္ပံမေးခွန်းတစ်ရပ်အဖြစ်ပဲ ရှိပါသေးတယ်။

မေး - ဒီမေးခွန်း ဖြေနိုင်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။

ဖြေ - ကျွန်တော် ဒီမေးခွန်းကို ဖြေဖို့ ဝန်လေးမိပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ စီးပွားရေးအရနဲ့ တခြားအကြောင်းတွေအရ တကယ်ကို လက်ခံမှာမျိုး မဟုတ်လို့ပါ။ ဒါပေမဲ့ ထိန်းချုပ်မှုအောက်မှာ လူနာတိုးမလာရေး ဆိုတာကို ရပ်တည်တဲ့ ရှုထောင့်ကဆိုရင်တော့ ပြန်ဖွင့်ဖို့ အဆင်ပြေပြီဆိုတဲ့ အဖြေဟာ အနည်းဆုံး နောက်တစ်လ၊ နှစ်လလောက်အထိ  ရောက်လာဖို့မမြင်ပါဘူး။  ဒီတော့ အလွန်အမင်း အနေကျပ်ပြီး ပြန်ဖွင့်ချင်တဲ့ ဒေသတွေရှိလာနိုင်တယ်။ ဒါဆိုရင် အကျိုးဆက်တွေကို သူတို့ တွေ့ရလိမ့်မယ်. . .  အထူးကြပ်မတ် စောင့်ရှောက်ကုဌာန (ICU) တွေ ပြန်ပြီး စည်ကားမလာခင်အထိ ပြန်စောင့်တာဟာ ကောင်းမွန်တဲ့ မူဝါဒတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါဟာ ဒုက္ခကြီးစေမယ့် မူဝါဒပါ။

ဆက်လက်ဖော်ပြပါမည်။

 

 

Most Read

Most Recent