ကမ္ဘာတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူ ၁၅၀၀၀၀ အထိ ရှိလာ

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူ ၁၅၀၀၀၀ အထိ ရှိလာ
Published 18 April 2020
Ref : Reuters/ AFP

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွှယ်၍ ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက်သည် ဧပြီ ၁၇ တွင် ၁၅၀၀၀၀ အထိ ရှိလာကြောင်း Reuters သတင်းဌာန၏ တွက်ချက်မှုအရ သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုသည် ဇန်နဝါရီ ၉ တွင် ဖြစ်ပွားခဲ့သည်။

ယင်းနောက် သေဆုံးသူ ၅၀၀၀၀ အထိ ရောက်ရှိရန် ၈၃ ရက် ကြာမြင့်ခဲ့သည်။

သို့သော် နောက်ထပ် ၈ ရက်သာ အကြာတွင် သေဆုံးသူ ၁၀၀၀၀၀ အထိ မြင့်တက်ခဲ့ပြီး နောက်ထပ် ၈ ရက်အကြာတွင် ၁၀၀၀၀၀ မှ ၁၅၀၀၀၀ သို့ မြင့်တက်ခဲ့သည်။

အမေရိကန်သည် ဧပြီ ၁၇ ဒေသစံတော်ချိန် ည ၈ နာရီခွဲအထိ သေဆုံးသူ ၃၆၇၇၃ ဦးဖြင့် ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးနိုင်ငံဖြစ်နေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က စာရင်းပြုစုထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၇၀၀၂၈၂ ဦး ဖြင့် ကူးစက်သူအများဆုံးနိုင်ငံလည်းဖြစ်သည်။

ကူးစက်မှုနှင့် သေဆုံးမှုနှုန်းသည် နိုင်ငံတစ်ဝန်းတွင် အလွန်အမင်းကွဲပြားနေပြီး နယူးယောက်ကဲ့သို့ လူဦးရေပိုမိုထူထပ်သော နေရာများတွင် တစ်နိုင်ငံလုံးသေဆုံးသူ စုစုပေါင်း၏ ထက်ဝက်နီးပါးသေဆုံးခဲ့သည်။

နိုင်ငံနှင့် နယ်မြေ ၁၉၃ ခုတွင် COVID-19 ဖြစ်ပွားမှု ၂၂၀၇၇၃၀ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတင်းအချက်အလက်များနှင့် နိုင်ငံအလိုက်အာဏာပိုင်များထံမှ AFP က ရရှိခဲ့သော အချက်အလက်များအရ သိရသည်။

ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှုနှုန်း အတော်အသင့်ကျဆင်းခဲ့သော အီတလီသည် ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ အီတလီတွင် ဧပြီ ၁၇ ၌ COVID-19 နှင့် ဆက်နွှယ်၍ လူ ၅၇၅ ဦး သေဆုံးခဲ့ပြီး ကူးစက်သူသစ် ၃၄၉၃ ဦးရှိသောကြောင့် ကူးစက်သူစုစုပေါင်း ၁၇၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၃၀၀၀ နီးပါးရှိနေသည်။

စပိန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉၅၀၀ ရှိသောကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်မှု ၁၈၈၀၀၀ ကျော်ရှိသည်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈၁ ဦးဖြင့် ကမ္ဘာတွင် စတုတ္ထမြောက် သေဆုံးမှု အမြင့်ဆုံးဖြစ်သော ပြင်သစ်တွင် lockdown ကြောင့် ကောင်းမွန်သော ထိရောက်မှုများကို မြင်တွေ့ခဲ့ရသည်။

အာရှတွင် တရုတ်က ဝူဟန်၌ သေဆုံးသူ အရေအတွက်ကို ရာခိုင်နှုန်း ၅၀ ရုတ်တရက် တိုးမြှင့်ခဲ့ပြီး သေဆုံးသူ ၁၂၉၀ ကို ထပ်မံထည့်သွင်းခဲ့ခြင်းကြောင့် ဝူဟန်တွင် သေဆုံးသူ စုစုပေါင်း ၃၈၆၉ ဦးအထိ မြင့်တက်လာသည်။ ထို အသစ်ထည့်သွင်းသည့် အရေအတွက်သည် ကနဦးရေတွက်မှုများတွင် ကျန်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရမီဒီယာက ဧပြီ ၁၇ တွင် ဖော်ပြခဲ့သော်လည်း မည်သည့်ဖုံးကွက်မှုမျှ မရှိကြောင်းကို ပေကျင်းက ဖြေရှင်းခဲ့သည်။

အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားသည် ဧပြီ ၁၇ ၌ ဗိုင်းရပ်စ်ကူးစက်သူသစ် ၄၀၇ ဦးရှိသောကြောင့် ကူးစက်သူစုစုပေါင်း ၅၉၂၃ ဖြင့် ဒေသတွင်း၌ ကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်နေသည်။

နိုင်ငံအများအပြားတွင် တရားဝင်ထုတ်ပြန်သည့် အချက်အလက်များတွင် ဆေးရုံများ၌ သေဆုံးသူများသာ ပါဝင်ပြီး နေအိမ်များ သို့မဟုတ် စောင့်ရှောက်ရေးဂေဟာများ၌ သေဆုံးသူများ မပါဝင်ပေ။

 

 

Most Read

Most Recent