ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်ဆိုင်းထားရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရာသီပြီးဆုံးသည်အထိ ဆက်လက်ကစားမည်ဖြစ်သော်လည်း ပြန်လည်ကစားမည့်ရက်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။
လက်ရှိရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၉၂)ပွဲကစားရန် ကျန်ရှိနေပြီး ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြန်ကစားမည့်နောက်ဆုံးရက် သတ်မှတ်မှုကိုမူ ဆွေးနွေးခဲ့ခြင်းမရှိဟု
BBC Sport က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ယင်းအစည်းအဝေးတွင် မူလက ဇွန်လ(၃၀)ရက် နောက်ဆုံးထား ပြန်လည်ကစားဖွယ်ရှိမှုကို အဓိကဆွေးနွေးမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဖြစ်နိုင်ခြေရှိသည့်ပွဲစဉ်ဇယားပုံစံ
များကိုသာ အဓိကဆွေးနွေးခဲ့သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပွဲများအားလုံး ပြီးဆုံးအောင်ကစားရန်မှာ အဓိကရည်ရွယ်ချက်အဖြစ် ဆက်လက်တည်ရှိခဲ့ပြီး လက်ရှိအခြေအနေမှာ ပြန်ကစားနိုင်ခြေရှိသည့်ရက်စွဲများသာ ယာယီသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့သည့်မတ်လ(၁၃)ရက်နေ့ကတည်းက ရပ်နားထားခဲ့ခြင်းဖြစ်သည်။

လာမည့်ဇွန်လ(၃၀)ရက်နှင့်နောက်ပိုင်းမှ ပြန်လည်စတင်နိုင်ခဲ့လျှင်လည်း ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံ၊ စပါးနောက်ခံလူ ဗာတွန်ဂန်အပါအဝင် လာမည့်ဇွန်လ(၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့်
ကစားသမားကိစ္စများကိုပါ ထည့်တွက်ရဖွယ်ရှိသည်။
ထို့ပြင် လီဗာပူးလ်၊ ဝက်ဖို့ဒ်နှင့် နယူးကာဆယ်အသင်းများမှာလည်း ဝတ်စုံစပွန်ဆာအပြောင်းအလဲများအကြားတွင် အခက်တွေ့ဖွယ်ရှိကြောင်း သိရသည်။















