မကြုံစဖူး အတာသင်္ကြန် နေ့ရက်များနှင့် နှစ်သစ်ဆုမွန်

မကြုံစဖူး အတာသင်္ကြန် နေ့ရက်များနှင့် နှစ်သစ်ဆုမွန်
Published 8 April 2020

ကမ္ဘာနှင့်အဝှမ်း COVID-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှုဒဏ်ကို အလူးအလဲခံနေရသည်ကို အားလုံးအသိပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း COVID-19 ဖြင့် သေဆုံးသူ (ဧပြီ ၈ ရက် နံနက်ပိုင်းအထိ) သုံးဦးရှိပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးမဖြစ်ရန် ထိန်းချုပ်ကန့်သတ်ရေး အစီအစဉ်များ၊ ကာကွယ်ရေး အစီအမံများဖြင့် ဆောင်ရွက်နေကြရပြီဖြစ်သည်။ မကြာမီ ရောက်ရှိလာတော့မည့် သင်္ကြန်ကာလအတွင်း ဒေသအလိုက် အသွားအလာကန့်သတ် ပိတ်ပင်တားမြစ်မှုများ ကြေညာလုပ်ဆောင်ကြတော့မည်ဖြစ်သည်။ မြန်မာတို့၏မဟာသင်္ကြန်ကာလအတွင်း ယခင်ကဲ့သို့ နှစ်သစ်ပျော်ပွဲရွှင်ပွဲများနှင့် အတာရေပက်ဖျန်းကြသည့် အခိုက်အတန့်ကာလသည်လည်း မကြုံစဖူးရင်ဆိုင်နေကြရသည့် ကပ်ရောဂါဆိုးကြောင့် ခေတ္တဆိတ်သုဉ်းရတော့မည့် အခြေအနေဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာ့နှစ်သစ်ကူးကာလ အချိန်အခါသမယသိည် ရောက်ရှိလာတော့မည်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၁ ပြည့်နှစ်မှ ၁၃၈၂ ခုနှစ်သို့ အကူးအပြောင်း အချိန်ကာလ၊ မင်္ဂလာရှိသော နေ့သစ်များကို မျှော်လင့်၍ ကြိုဆိုသော မြန်မာတို့၏ မင်္ဂလာအချိန်အခါလည်း ဖြစ်ပေသည်။ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် နှစ်သစ်ကူး ပွဲတော်သင်္ကြန်သည် အထူးခြားဆုံးနှင့် အထင်ရှားဆုံးပွဲတော်လည်း ဖြစ်သည်။ ၁၂ လ ရာသီတွင် ပထမဦးဆုံးလဖြစ်သည့် တန်ခူးလဟူသောခေါ်ဆိုမှုသည် ပါဠိဘာသာတာလပုဒ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တာလပုဒ်ဟူသည် ထန်းဟု အဓိပ္ပာယ်ရသည်။ ထန်းဟူသောခေါ်ဆိုမှုမှ တန်းဟု ဖြစ်လာသည်။ ယင်းအပြင် တန်ခူးကို တာကူးဟုလည်း ရေးသားလေ့ရှိကြသည်။ ထိုတာကူး၏ အဓိပ္ပာယ်နှင့် ပတ်သက်လည်း အာသီဗြဟ္မာမင်း၏ ဦးခေါင်းကို နတ်သမီးခုနစ်ပါးက တစ်နှစ်ကို တစ်ဦးကျ တာဝန်ယူရသည်ကို အစွဲပြုကာတာ၊ အတာဟူသော ဝေါဟာရဖြစ်ပေါ်လာပြီး နှစ်ကုန်၍ နတ်သမီးတစ်ပါးက အခြားသောနတ်သမီးတစ်ပါးထံ တာဝန်လွှဲ ပြောင်းခြင်းအား တာကူး အတာကူးဟု ခေါ်ဆိုခြင်းဖြစ်ကြောင်းလည်း ပညာရှင်အချို့က ယူဆခဲ့မှုများ ရှိခဲ့ပေသည်။

သင်္ကြန်ဟူသည်မှာ ‘သင်္ကန္တ’ ဟူသော ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည့် ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရတစ်ရပ်ဖြစ်သည်။ ကူးပြောင်းခြင်းဟူသည့်အတိုင်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းနှင့်အတူ နှစ်ဟောင်းမှ အညစ်အကြေးများအား ဆေးကြောသည်ဟူသော အလေ့အထ အယူအဆများ ပေါ်ပေါက်ခဲ့သည်။ သင်္ကြန်ပွဲတော်ကို နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ကျင်းပကြသည်။ မြန်မာနိုင်ငံအတွင်းရှိ လူမျိုး၊ ဘာသာမရွေး တိုင်းရင်းသားပြည်သူများက ပါဝင်ဆင်နွှဲလေ့ရှိကြသည့်အပြင် နိုင်ငံပြင်ပတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို တခုပ်တရ ကျင်းပလေ့ရှိကြသည်။ ပုဂံခေတ်မှအစပြုကာ သပြေခက်ဖြင့် ရေပက်ကစားခဲ့သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပုံရိပ်များသည် ခေတ်ကာလပေါ်မူတည်၍ ပြောင်းလဲလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ပူပြင်းခြောက်သွေ့သော နွေကာလတွင် ကျင်းပလေ့ရှိသည့် သင်္ကြန်ပွဲတော်တွင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းခြင်းဖြင့် အေးချမ်းစွာနှစ်သစ်တစ်ခုအား ကူးပြောင်းလေ့ရှိသည့် ပုံရိပ်များမှာ သင်္ကြန်၏ မှတ်တမ်းပုံရိပ်များပင် ဖြစ်ပါသည်။ ထို့ပြင် သင်္ကြန်အချိန်အခါတွင် ကုသိုလ်ကောင်းမှုပြုခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ဘုရားကျောင်းကန်ဇရပ်များတွင် သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ သက်ကြီးရွယ်အိုများကို ဦးခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းစသည့် ထက်သန်သော သဒ္ဓါ၊ ဖြူစင်သောစေတနာနှင့် မွန်မြတ်သန့်စင်သော နှစ်သစ်ကူးအခါသမယမှာ မြင်ရသူတိုင်းအတွက် စိတ်နှလုံးကြည်နူးရွှင်ပြုံးမှုကို ခံစားရရှိစေသည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာကြီးနှင့်အတူ မြန်မာနိုင်ငံအနေဖြင့်လည်း ခက်ခဲသည့် နေ့ရက်များကို ဖြတ်သန်းနေကြရပြီဖြစ်သည်။ မကြုံစဖူးသော မြန်မာနှစ်သစ်သင်္ကြန်အချိန်ခါကို တိတ်ဆိတ်စွာ ဖြတ်သန်းကြရပေတော့မည်။ ယခင်သင်္ကြန်ကာလကဲ့သို့ မဟုတ်သော်လည်း မြန်မာတို့၏ အတာသင်္ကြန်ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို မိမိတို့မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကြား၌ သင်္ကြန်ရေဖြင့် ကိုယ်စိတ်နှစ်ဖြာ သစ်လွင်တောက်ပ သန့်စင်မှုကို ဆောင်ကြဉ်းနိုင်ပါစေကြောင်းနှင့် ရောဂါကပ်ဆိုး၏ ခြိမ်းခြောက်မှုအန္တရာယ်မှ လွန်မြောက်၍ မြန်မာနှစ်သစ်တွင် ဘေးဘယာများ ကင်းဝေးနိုင်ပါစေကြောင်း The Daily Eleven သတင်းစာက နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

■ (ဧပြီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent