ဖွံ့ဖြိုးဆဲနိုင်ငံများကို အလဲထိုးမည့် ကိုရိုနာဗိုင်းရပ်စ်

ဖွံ့ဖြိုးဆဲနိုင်ငံများကို အလဲထိုးမည့် ကိုရိုနာဗိုင်းရပ်စ်
Published 8 April 2020

COVID-19 က ကမ္ဘာ့နိုင်ငံရေးကို ပြောင်းလဲစေလိမ့်မည်ဖြစ်သည်။ ယင်း၏ ကူးစက်ပျံ့နှံ့ မှုနှုန်းနှင့် အတိုင်းအတာ၊ ရိုက်ခတ်ချက်၏ ပြင်းထန်အားတို့ကိုသာမကတော့ဘဲ ဆုံးရှုံးမှုတန်ဖိုးများကို လူတို့ သိလာခဲ့ရပြီဖြစ်သည်။ ဗိုင်းရပ်စ်များက ကြားခံအဖြစ် သူတို့ ခိုလှုံရန် ကမ္ဘာတစ်လွှားရှိ လူများကို အသည်းအသန် အမဲလိုက်နေချိန်တွင် ဗိုင်းရပ်စ်၏ ရိုက်ခတ်ချက်အား ထိန်းချုပ်မှုသည် ရင်းမြစ်များရရှိနိုင်မှု၊ အစိုးရအဖွဲ့များ၏ စွမ်းဆောင် ရည်တို့နှင့် အကြီးအကျယ် ဆက်နွှယ်၍နေသည်။ ယင်းအကြောင်းအချက်များကြောင့် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် အားအနည်းဆုံး လူများအကြား ယင်း၏ ရိုက်ခတ်ချက်များကို အဓိကအာရုံစိုက် ရှုမြင်ကြည့်ရန် လိုအပ်လာသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်အာဏာပိုင်များက ပေကျင်းရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ရုံးသို့ ရောဂါကူးစက်ပျံ့နှံ့မှု အကြီးအကျယ် ဖြစ်ပွားနိုင် ကြောင်း အကြောင်းကြားခဲ့သည်။ ရက်ပေါင်း ၁၀၀ အတွင်း ကမ္ဘာတစ်လွှားမှ လူပေါင်း သုံးဘီလျံခန့် နေအိမ် အကျယ်ချုပ်ကျသွားခဲ့သည်။ ယင်းသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အနေအထားကို ကိုင်တွယ်ရန် အပြည့်အဝ အမြစ်ပြတ် ချဉ်းကပ်ပုံဖြစ်သည်။ သို့သော် ယင်းက မူလသန့်ရှင်းရေး အခြေခံအဆောက်အအုံများ ကင်းမဲ့သော၊ အများပြည် သူဆိုင်ရာ လက်နက်ကိရိယာများ နည်းပါးသော နိုင်ငံများအပေါ် မည်သို့မည်ပုံ သက် ရောက်ခဲ့ပါသနည်း။

နိုင်ငံအားလုံးအနေဖြင့် ခြိမ်းခြောက်ခံနေရပြီး ချောက်ထဲမကျရန် ရုန်းကန်နေရသော် လည်း ကမ္ဘာတစ်ခုလုံးအတိုင်းအတာဖြင့် စဉ်းစားရန်နှင့် ကမ္ဘာ့အားအနည်းဆုံးလူ့အသိုင်း အဝိုင်းများကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ဒေသအလိုက် လိုက်လျောညီထွေပြုရန် ပို၍ လိုအပ်လာသည်။ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်သည့် အန္တရာယ်သက်သက်အပြင် ကပ်ကြီးပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အန္တရာယ်များကလည်း ရှိနေပြန်သည်။ ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်ပျံ့နှံ့မှုကြီးအား စျေးပေါပေါဖြင့် ကျော်ဖြတ်နိုင်လိမ့်မည်ကား မဟုတ်။ ယင်းကို ရင်ဆိုင်တွန်းလှန်ရန် အထူးသဖြင့် ဆင်းရဲသားများအတွက် အလွန်တရာ စျေးကြီးပေလိမ့်မည်။

ဧပြီ ၅ ရက်ည၌ သက်ဆိုင်ရာ စတော့စျေးကွက်များ၏ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ကိုးထရီလျံရှိသည်။ ကမ္ဘာ့ဂျီဒီပီကြီးထွားမှုနှုန်း ကျဆင်းသွားခြင်းက ပျမ်းမျှအား ဖြင့် နောက်ထပ် ဒေါ်လာ နှစ်ထရီလျံ ဆုံးရှုံးစေလိမ့်ဦးမည်ဖြစ်သည်။ အဓိကစီးပွားရေး နိုင်ငံများတွင် Lockdown များ ထပ်မံချထားကြမည့်အရေးက ပို၍ပင် ဒုက္ခတွေ့စေမည့် ရိုက်ခတ်ချက်များ ဖြစ်ပေါ်ရန်လည်း ခြိမ်းခြောက်လျက်ရှိသည်။ အားနည်းသည့်နိုင်ငံများ တွင် ပုံမှန်အချိန်ကာလ၌ပင်လျှင် ဖြစ်ပေါ်နေသည့် ချည့်နဲ့သော အခြေခံအဆောက်အအုံစနစ်များ၊ ယိမ်းယိုင်နေသော အင်စတီကျူးရှင်းများနှင့် အားနည်းသော အစိုးရအဖွဲ့များ ပေါင်းစပ်မှုက လူမသိသူမသိ ရောဂါကူးစက်ပျံ့နှံ့နေမှုများ၊ အလုပ်လက်မဲ့ပြဿနာ များ၊ ဝင်ငွေနိမ့်ပါးမှု သို့မဟုတ် ပုံမှန်ဝင်ငွေ မရှိမှုများ အစရှိသည်တို့၏ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရပေတော့မည်။

ယခုကဲ့သို့ ဖိစီးမှု အလွန်အကျွံများပြားနေသည့် ကာလတွင် ဝင်ငွေနိမ့်ပါးမှုနှင့် ဘဝ နေထိုင်မှုနည်းလမ်းအားလုံး အကန့်အသတ်ရှိနေမှုတို့ ပေါင်းစပ်သွားသည့်အခါ ဆင်းရဲ သားအများစုအနေဖြင့် သေဖွယ်ရာသာ ရှိတော့၏။ ၎င်းအပြင် ရေနံစျေးနှုန်းများ ပြုတ်ကျခြင်း၊ စားနပ်ရိက္ခာဖူလုံရေး စိတ်မချရခြင်း၊ ကုန်သွယ်ရေးပြတ်တောက်ခြင်းနှင့် ကမ္ဘာ့တန်ဖိုး ကွန်ရက် ပျက်စီးသွားခြင်းတို့က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို အကြီးအကျယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ရေစုန်မျောသွားခြင်းနှင့် ဘဏ္ဍာရေးစျေးကွက်များအပေါ် ပိုမိုတင်းကျပ်သည့် နောက်ထပ်ဖိအားများ ဖြစ်ပေါ်လာခြင်းတို့က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေး တို့အား အလဲထိုးရန် တာဆူနေပြီဖြစ်သည်။

ထို့အတွက် အရေးပေါ်ဆောင်ရွက်ချက်များဖြင့် တွန်းလှန်ရန် မဖြစ်မနေ လိုအပ်နေရာ COVID-19 ပျံ့နှံ့မှုကို အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်နိုင်ရန် နည်းပညာများ အသုံးပြုခြင်း၊ အထူးသဖြင့် အန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အုပ်စုများ၌ ရောဂါကူးစက်ပျံ့နှံ့မှုကို နှေးကွေးစေရန်နှင့် ဖြည်းဖြည်းမှန်မှန် လျှော့ချရန် ဖန်တီးထားသည့် နည်းလမ်း များကို အသုံးပြုခြင်းနှင့် ရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်သည့် စီးပွားရေးနှင့် လူမှုရေး အကျိုးဆက်များကို လျော့ပါးသက်သာစေခြင်းတို့နှင့်အတူ အရေးပေါ်လုပ်ဆောင်ရေး စင်တာများ ချမှတ်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဧပြီ ၈ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent