ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ညီအစ်မနှစ်ဦး ရေစီးနှင့် မျောပါသေဆုံးခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လည်တွေ့ရှိ

ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ညီအစ်မနှစ်ဦး ရေစီးနှင့် မျောပါသေဆုံးခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လည်တွေ့ရှိ
ရေစီးနှင့် မျောပါသေဆုံးသွားသည့် ညီအစ်မနှစ်ဦးအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ - ကိုမျိုး-သီပေါ)
ရေစီးနှင့် မျောပါသေဆုံးသွားသည့် ညီအစ်မနှစ်ဦးအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ - ကိုမျိုး-သီပေါ)
Published 7 April 2020
ထွန်းနေလှိုင် (နောင်ပိန်)



ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့အနီးရှိ ဒုဋ္ဌဝတီမြစ်အတွင်း ဧပြီ ၅ ရက် ညနေပိုင်းက ရေဆင်းချိုးခဲ့သည့် ကလေးငယ်လေးဦး ရေစီးနှင့် မျောပါသွားမှု ဖြစ်ပွားခဲ့ကြောင်း၊ ရေစီးနှင့်မျောပါသွားသည့် ကလေးငယ် လေးဦးအား အနီးရှိ တံတားလုံခြုံရေးတာ ဝန်ထမ်းဆောင်နေသူများက ပြန်လည်ကယ်တင်ရာ ယောက်ျားလေး နှစ်ဦအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ညီအစ်မနှစ်ဦးအား ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“သူတို့က ဧပြီလ ၅ ရက် ညနေပိုင်းလောက်မှာ ရေဆင်းချိုးကြတာပါ။ ကလေးငယ် လေးယောက်ပေါ့။ သူတို့တွေရဲ့ နေအိမ်ကလည်း အဲဒီနားလေးမှာပါပဲ။ ရေဆင်းချိုးကြတဲ့ထဲမှာ သုံးတန်းအရွယ်က သုံးယောက်၊ ၁၀ တန်းဖြေထားတဲ့ ကောင်မလေးက တစ်ယောက်ပါတယ်။ ရေစီးနဲ့မျောမျောချင်းမှာ သီပေါတံတားမှာ တာဝန်ကျနေတဲ့ လုံခြုံရေးတွေက သွားဆယ်လိုက်လို့ ကောင်လေးနှစ်ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်။ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ၁၀ တန်းအရွယ် ကောင်မလေးနဲ့ သုံးတန်းအရွယ်လောက် ကောင်မလေးကတော့ မကယ်တင်လိုက်နိုင်ဘူး။ ရေစီးနဲ့မျောပါသွားတယ်။ အဲဒါ သီပေါက ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေ လိုက်ရှာတာ ဒီနေ့မှပဲ အလောင်းကို ပြန်တွေ့ပါတယ်” ဟု သီပေါမြို့နေ ကိုစိုင်းက ပြောကြားသည်။

ရေစီးနှင့် မျောပါသွားသည့် ညီအစ်မနှစ်ဦးအနက် အစ်မဖြစ်သူမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူဖြစ်ပြီး ညီမဖြစ်သူမှာ တတိယတန်း ဖြေဆိုထားသူဖြစ်ကြောင်း သိရသည်။

“သီပေါတံတားရဲ့ အောက်ဘက် ဒုဋ္ဌဝတီမြစ်အတွင်းမှာ ရေချိုးရင်းနဲ့ ရေနစ်တာပေါ့။ ကောင်လေးတွေကိုတော့ အဲဒီနားမှာ တံတားလုံခြုံရေးယူထားတဲ့ တပ်မတော်သားတွေက ဆင်းဆယ်လိုက်နိုင်တယ်။ ကလေးမလေး နှစ်ယောက်ကတော့ ရေစီးနဲ့မျောပြီး မြုပ်သွားတာပေါ့။ အစ်မဖြစ်သူကိုတော့ သီပေါအောက်ဘက်နားက တိန်းချေတိန်းစံရွာနားမှာ တစ်ယောက်၊ နောက်ကတ်ရွာဘက်မှာ တစ်ယောက်တွေ့တယ်” ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။

ရေစီးနှင့် မျောပါသွားသည့် ညီအစ်မနှစ်ဦးအား သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့၊ သီပေါလူငယ်၊ စျေးရပ်လူငယ်နှင့် ဘော်ကြိုပရဟိတ အဖွဲ့တို့က ကူညီရှာဖွေခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent